ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စစ်အုပ်စုက စီစဉ်နေသော်လည်း မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်ရှိနေသဖြင့် စစ်ဘေးရှောင်ပြည်သူများက ယုံကြည်မှုမရှိဘဲ သံသယရှိနေကြကြောင်း စုံစမ်းသိရှိရသည်။
မေလ ၁၁ ရက်နေ့က ဟားခါးမြို့၌ ကျင်းပခဲ့သည့် စစ်အုပ်စုလက်အောက်ခံ ချင်းပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဘာသာရေးခေါင်းဆောင်များနှင့် မြို့မိမြို့ဖများ တက်ရောက်သော ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း အစည်းအဝေး’ အပေါ် စစ်ဘေးရှောင်များက ယခုကဲ့သို့ ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အဓိက ကတော့ စားဝတ်နေရေးပေါ့ အိမ်တွေကလည်း ပျက်စီးမြို့ပျက်လို့ဖြစ်နေခဲ့တာကို အခုချိန်မှာပြန်ပြီး ဘာလုပ်ကိုင်စားရမလဲ ၊နောက်တခုက လုံခြုံရေး ဘယ်အချိန်ဘာပြန်ဖြစ်မယ်ဆိုတာ ဘာမှသေချာတာမဟုတ်ဘူး၊ နောက်တခါထပ်ရှောင်ရရင်ဘယ်လိုလုပ်မလဲ” ဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင် အမျိုးသမီးတဦးက မဇ္ဈိမ ကိုပြောသည်။
၎င်းက ဆက်လက်၍ သက်ကြီးပိုင်းအချို့ နေရပ်ပြန်နိုင်သော်လည်း လူငယ်များမှာ စစ်မှုထမ်းဥပဒေကြောင့် လုံးဝပြန်ရဲကြမည်မဟုတ်ကြောင်း၊ လက်ရှိတွင် စစ်အုပ်စုတပ်နှင့် ၎င်းတို့၏လက်အောက်ခံ Non-CDM ဝန်ထမ်းမိသားစုဝင်များသာ မြို့သို့ ပြန်ဝင်နိုင်ခြေရှိကြောင်း ဆိုသည်။
ထို့အပြင် ဖလမ်း – ဟားခါး လမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းများ တိုက်ခိုက်ခံရနိုင်သည်ဟူသော သတင်းများကြောင့် ဒေသခံများမှာ ဆက်လက်ရှောင်တိမ်းနေရဆဲ ဖြစ်သည်။
အခြားစစ်ဘေးရှောင်တဦးကလည်း ဖလမ်းမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သေးသဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်ရန် ခဲယဉ်းကြောင်း ရှုမြင်သည်။
“မြို့ကို ရဖို့ အသက်တွေအများကြီးရင်းခဲ့ရတယ်၊ အခုပြန်မကျအောင်လည်း အများကြီး ပေးဆပ်ရတယ်၊ ဒါဟာ ဒီအတိုင်းပြီးသွားမှာတော့မဟုတ်ဘူး၊ (တိုက်ပွဲတွေ) ဆက်လာဦးမယ်လို့ထင်တယ်” ဟု ၎င်းကဆိုသည်။
စစ်အုပ်စုသည် ဧပြီလ ၂၅ ရက်နေ့တွင် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက်၊ မေလ ၆ ရက်နေ့တွင် ကလေးမြို့သို့ တိမ်းရှောင်နေသည့် Non-CDM ဝန်ထမ်း ၁၀၀ ကျော်ကို လုံခြုံရေးဖြင့် မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။
လက်ရှိတွင် ဌာနဆိုင်ရာ အဆောက်အဦများ သန့်ရှင်းရေးလုပ်ကာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဖလမ်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်း စစ်အုပ်စုတပ်ထိုးစစ်ကြောင့် ဖလမ်း – ဟားခါးလမ်းပေါ်ရှိ ကျေးရွာ ၁၀ ရွာကျော်မှ လူဦးရေ ၁,၀၀၀ ကျော်အပါအဝင် တမြို့နယ်လုံးရှိ ကျေးရွာ ၁၀၀ ကျော်မှ ဒေသခံ ၂၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရကြောင်း ကူညီပေးရေးအဖွဲ့များထံမှ သိရသည်။
စစ်အုပ်စု၏ ဝါဒဖြန့်မီဒီယာများတွင်မူ ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၂၀၀ နှင့် လုံခြုံရေးတပ်ဖွဲ့များအတွက် ကျပ်သိန်း ၁၀၀ ထောက်ပံ့ထားကြောင်းနှင့် နေရပ်စွန့်ခွာသူ ၄,၃၀၀ ကို ဖလမ်းမြို့သို့ တစုတဝေးတည်း ပြန်လည်ဝင်ရောက်နိုင်ရေး စီစဉ်နေကြောင်း ဖော်ပြထားသည်။
မဇ္ဈိမ