ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

By MPM 13 ဩဂုတ်, 2026 👁 36

သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀) ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုက တရွာလုံးနီးပါး တုတ်ကွေးမိနေတာ။ အချင်းချင်းပြန်ကူးတဲ့သဘောပေါ့။ ကျောင်းလည်း ပိတ်ထားရတယ်။ ဆေးဝါးကလည်း မရှိဘူးလေ။ အခုက အခြေခံဆေးဝါးလည်း မရှိ ဆေးကုပေးမယ့်သူလည်း မရှိဘူးဖြစ်နေတယ်” ဟု ၎င်းစစ်ဘေးရှောင် အမျိုးသားက ပြောသည်။

ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသဖြစ်ပြီး၊ ယခုကဲ့သို့ မိုးရာသီအချိန်တွင် လမ်းခရီး သွားလာရခက်ခဲကာ လမ်းခရီးကြန့်ကြားမှုရှိကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း သျှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံ၊ မိုးဗြဲဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်က စစ်ကြောင်းနေ့စဉ် ထိုးနေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်