ပြည်ပထွက်ခွာမယ့်လူငယ်တွေပါတဲ့ ခရီးသည်တင်ကားကို စစ်ကောင်စီတပ် ဖမ်းဆီး

By MPM 19 ဖေ‌ဖော်ဝါရီ, 2023 👁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပြည်ပထွက်ခွာမယ့် လူငယ်တွေပါဝင်တဲ့ ခရီးသည်တင်ကားကို စစ်ကောင်စီဖမ်းဆီးထားတာ (၁၀) ရက်နီးပါး ကြာနေပြီဖြစ်ပေမယ့် ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၇) ရက်နေ့ ဂန့်ဂေါမြို့နယ် မောက်ရွာနဲ့ ဖားကန့်ကို တိုက်ရိုက်ပြေးဆွဲနေတဲ့ ခရီးသည်တင် အံစာတုံးကားဟာ စစ်ကောင်စီလက်အောက်ခံ ဂန့်ဂေါ ခလရ – ၅၀ နားက ပိတောက်ပင်လမ်းဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီကား ပြေးဆွဲနေတာ နှစ်ကြိမ်၊သုံးကြိမ်ရှိနေပြီး အဲဒါကို မနာလိုတဲ့ ပျူစောထီးတွေက PDF ဝတ်စုံ၊ ကာကွယ်ရေးတပ်တွေအသုံးပြုတဲ့ ပစ္စည်းတွေ ထည့်ပေးလိုက်ပြီး ဂန့်ဂေါခလရ-၅၀ တပ်ကို သတင်းပို့လိုက်တဲ့အတွက် ကားဆရာအပါအဝင် ခရီးသည်အကုန်လုံးကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကားပေါ်မှာ ယာဉ်မောင်းအပြင် ပြည်ပထွက်မယ့် လူငယ်တွေနဲ့ စုစုပေါင်း (၁၇) ဦးပါဝင်တယ်လို့ သိရပြီး သူတို့တွေကို စစ်ကောင်စီက လက်ရှိအချိန်ထိ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနေရာမှာ ပျူစောထီးအင်အားစုဆောင်နေတာကြောင့် လူငယ်တွေ ပျူစောထီး မလုပ်ချင်လို့ ခရီးထွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချောက်ဆင်ဖမ်းတာလို့ ဒေသခံတွေက ဆိုနေကြပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ယောဒေသကို စစ်အုပ်ချုပ်ရေးကြေညာပြီးတည်းက ပြည်သူတွေ ကိုဆက်တိုက်ဖမ်းဆီးတာတွေပြုလုပ်နေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံက မြို့နယ်ပေါင်း (၃၇) မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး မကွေးတိုင်းမှာတော့ ဂန့်ဂေါ၊ထီးလင်း၊မြိုင်၊ပေါက်နဲ့ ဆောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီကြောင့် အကြမ်းဖက်သတ်ဖြတ်ခံထားရသူ (၃) ထောင်နီးပါးရှိနေပြီး ဖမ်းဆီးခံထားရသူလည်း နှစ်သောင်းဝန်ကျင်အထိရှိနေပြီဖြစ်တယ်လို့ AAPP ကဖော်ပြထား ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။