ပုလောမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

By MPM 18 ဇန်နဝါရီ, 2023 👁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီပျူစခန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခံခဲ့ရလို့ ၄ ဦးသေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

အဲဒီနေ့ ၁ နာရီခန့်မှာ ရှပ်ပုံရွာမှာအင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီ ပျူစခန်းကို မြိတ်ခရိုင်တပ်ရင်း (၁) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

“ တိုက်ပွဲက နေ့လည် ၁ နာရီလောက်ကတည်းက စဖြစ်တာ။ ညနေ ၅ နာရီကျော်လောက်မှ ပြီးသွားတယ်။ ပျူတွေက ရွာမှာစကစနဲ့ပေါင်းပြီး သောင်းကျန်နေတယ်ဆိုပြီးတိုင်လို့ သွားပစ်တာ။ ပျူခေါင်းဆောင် ငြိမ်းချမ်းအောင်ဆိုသူကိုပါ သုတ်သင်နိုင်ခဲ့တယ်။ စကစတွေလဲ သေတယ်” လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂ ဦး၊ ရှပ်ပုံရွာ ပျူခေါင်းဆောင်ပါ ၂ ဦး၊ စုစုပေါင်း ၄ ဦးသေဆုံးပြီး သေနတ် ၃ လက်၊ ၄၀ မမ ကျည် ၆ လုံး၊ ကျည်ဆန်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်နေချိန်မှာ စစ်ကောင်စီဘက်က ဒေသခံနေအိမ် ၂ လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်နေလို့ ဒေသခံအချို့က ဘေးလွတ်ရာကို ထွက်ပြေးပြီး အချို့ကတော့ နေအိမ်တွေမှာ ပုန်းအောင်းနေရတယ်လို့ သိရပါတယ်။

ရှပ်ပုံကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က ပုလောကနေ မြိတ်ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီကား ၄ စီးကို ကဒဲကျေးရွာနဲ့ ပုလောကနေ ထားဝယ်ကိုတက်လာတဲ့ စစ်ကား ၁၄ စီးကို နန်းပရုပ်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တာပါ။

ဒီဇင်ဘာလ ၃၁ ရက်နေ့မှာလည်း ပုလောမြို့နယ်၊ ပလမြို့ထဲက တိုရွာ၊ တန်းရှင်းနဲ့ သင်္ကန်းတောကျေးရွာ တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပြီး နေအိမ် ၃၀ ကျော်ကို စစ်ကောင်စီဘက်က မီးရှို့ခဲ့ပါသေးတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။