ပုလောမြို့ပင်လယ်ဘက်မှ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွား

By MPM 19 ဇွန်, 2025 👁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲရှိ ပင်လယ်ဘက်ကနေ စက်လှေများဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုအတွင်းရှိ တောင်ခေါင်းလောင်းကျေးရွာသို့ ဇွန်လ ၁၄ ရက်နေ့ မွန်းတည့်ချိန်က ကင်းမွန်မီးထွန်းစက်လှေ ၂ စီးဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာခြင်း ဖြစ်သည်။

နှစ်ဖက်ကြား တိုက်ပွဲများကြောင့် တောင်ခေါင်းလောင်း၊ ကုလားမခေါင်းနှင့် ခန္တီကျေးရွာတို့မှ ရွာသားများအားလုံးနီးပါးသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှစ၍ ဇွန်လ ၁၇ ရက်နေ့အထိ မိုးထဲလေထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ဘေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား ၄၅ မိနစ်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့
ကြောင်း တောင်ခေါင်းတောင်ရွာသားများက ပြောသည်။

တောင်ခေါင်းလောင်းရွာသားတစ်ဦးက “လက်နက်ကြီးတွေက ရေကြောင်းရော၊ ကုန်းပေါ်ကရော ပစ်နေတာ၊ ကုလားမခေါင်းနဲ့ တောင်ခေါင်းလောင်းရွာမှာတော့ ရွာသားတွေ မရှိကြတော့ဘူး၊ နီးစပ်ရာမှာ ရှောင်တိမ်းနေကြရတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိလို့ ဥယျာဥ်ကမ်းရွာမှာဝင်ကပ်ပြီး ဆေးကုနေတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဥ်တွင် တောင်ခေါင်းလောင်းကျေးရွာဘက်သို့ ပြင်ဘုကြီးကျေးရွာ ရေပြင်အနီးရှိ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကထောင်းနီကျေးရွာတွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ကလည်း ခန္တီကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့သည်ဟု သိရသည်။

ယင်းနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ခန့်ပါသည့် စက်လှေတစ်စီးသည် ခန္တီကျေးရွာ၏ တဖက်ကမ်းတွင်ရှိသည့် ပြင်ဘုငယ်ကျေးရွာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့ပြီး စစ်ရေးတင်းမာနေသဖြင့် အချိန်မရွေး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်နေသည့် အခြေအနေမျိုးဖြစ်နေသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိကြောင်း ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ရာတွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ (၁)၊ ပုလော – ပကဖ၊ KNDO၊ KNLA စသည့်တပ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

NMG ပေးပို့သည်။