စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲက ကျေးရွာအချို့တွင် စစ်ကောင်စီ၏ သယ်ယူခွင့်ကန့်သတ်ချက်တွေကြောင့် ဆန်နှင့်အခြေခံစားသောက်ကုန်များ စတင်ပြတ်လပ်လာကြောင်းလို့ ဒေသခံများက သံလွင်တိုင်းမ်ကို ပြောပါသည်။
စစ်ကောင်စီဟာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကစပြီး ပုလောမြို့နယ်အဝင်အထွက် နေရာများနှင့်ကျေးရွာများကို သွားလာသော လမ်းပိုင်းတွေမှာ စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီး စားနပ်ရိက္ခာသယ်ယူခွင့်ကို တင်းကျပ်ထားသလို ဆန်နှင့် ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားတာဖြစ်သည်။
စစ်ကောင်စီ၏ ကန့်သတ်ချက်တွေကြောင့် ယခုဧပြီတတိယအပတ်ကစတင်ပြီး ပုလောမြို့နယ် မင်းထိန်၊ လက်ပံပင်၊ ကဗျာနှင့် ကဒဲအပါအဝင် ကျေးရွာအချို့မှာ ဆန်နှင့်အခြေခံစားသောက်ကုန်များ ပြတ်လပ်လာတာ ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကျေးရွာအချို့မှာလည်း ဆန်အပါအဝင် စားသောက်ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာသလို ဝယ်ယူရခက်ခဲသည့် အခြေအနေနှင့်ပါ ထပ်မံရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
လက်ရှိအချိန်မှာတော့ ပုလောမြို့နယ်ထဲမှာ ပေါ်ဆန်မွှေးဆန်တစ်အိတ်ကို ကျပ် တစ်သိန်းကျော်၊ ဆန်းကြမ်းကလည်း တစ်အိတ်ကို ကျပ် ၇၀၀၀၀ ကျော်အထိ ဈေးနှုန်းအဆမတန်မြင့်တက်နေတာဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီဟာ ပုလောမြို့ပေါ် ရပ်ကွက်တွေမှလွဲပြီး ကျေးရွာတွေဘက်ကို ဆန်၊ ဆေးဝါးနှင့် လောင်စာဆီသယ်ယူခွင့်တွေကို ကန့်သတ်ထားပြီး ကုန်ပစ္စည်းသယ်ဆောင်သူများကိုလည်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကာ မထင်ရင်မထင်သလို ဖမ်းဆီးမှုတွေလုပ်ဆောင်နေတာဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့ကလည်း တရားစခန်းဝင်နေသည့် ပုလောမြို့ကုန်ခြောက်ဆိုင်ပိုင်ရှင် အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောကြားခဲ့ပါသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသလို စစ်ကောင်စီဘက်က ဖြတ်လေးဖြတ်၊ ဖြတ်တောက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။