ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၃) ထိန်းချုပ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်၊ နတ်သံကွင်းမြို့တွင် ဒီဇင်ဘာလ ပထမအပတ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၏ ပစ်ခတ်မှုများအပြီး နယ်မြေမတည်ငြိမ်သေးသဖြင့် နေရပ်မပြန်ရဲသော ဒေသခံအချို့ရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့က အင်အားနှစ်ဆယ်ဝန်းကျင်ရှိ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် နတ်သံကွင်းရဲစခန်းနှင့် စစ်ကောင်စီတပ် တပ်စွဲထားသည့် နေရာတချို့သို့ ဝင်ရောက်ပစ်ခတ်ရာတွင် နီးစပ်ရာစစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပြန်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ စစ်ကောင်စီတပ်စခန်းများက ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများအား ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် ပူးပေါင်းတပ်ဖွဲ့က သတိပေးနှိုးဆော်သဖြင့် နတ်သံကွင်းမြို့နေ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယခုချိန်ထိ ပြန်မနေရဲကြသူအချို့ ရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
“ကလေးတွေ (ပူးပေါင်းတပ်ဖွဲ့) က ပစ်ခတ်မှုဖြစ်ရင် စစ်တပ်ဘက်က လေယာဉ်လာမယ်၊ ရှောင်ပေးပါပေါ့ ပိုပြီးထိခိုက်မယ် ရှောင်နေရင် အထိအခိုက် နည်းမယ်ဆိုလို့ အဲဒီနေ့ကတည်းက ရှောင်ကြတာ၊ နောက်ရက်ပဲ ရဲစခန်းကို လာထပ်ပစ်သေးတယ်။ အဝေးကနေပဲ ထုတာဆိုတော့ တစ်ယောက်ယောက် ထိတယ်လို့တော့ မကြားမိပါဘူး။ အခုတလောကတော့ ငြိမ်နေတယ်ဆိုပေမဲ့ မပြန်ရဲတဲ့သူတွေလည်း ရှိသေးတယ်။ တချို့ဆို သွားလိုက်ပြန်လိုက်ပဲ” ဟု ၎င်းက ပြောသည်။
လက်နက်ကြီးအလုံးပေါင်း ၆၀ ကျော် ပစ်ခတ်ခဲ့သဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ကျောက်ကြီးမြို့နယ်ရှိ သမင်အင်းကုန်း၊ ကြိတ်ကွင်း၊ ခြောက်သဲစု၊ အလယ်ရွာ အစရှိသည့် ကျေးရွာ ၁၀ ရွာ ထက်မနည်းမှ ဒေသခံများမှာ မိမိအစီအစဉ်ဖြင့်သာ စားသောက်နေထိုင်ကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“အခု ပြေးနေတဲ့လူတွေရော၊ ရှောင်ထွက်လာတဲ့ လူတွေကြတော့ ကိုယ်အဆင်ပြေတဲ့နေရာကို ရှောင်ကြတော့ ဒေသခံ အရပ်ဖက်အဖွဲ့တွေလည်း ဘယ်လိုက်စုကူနေနိုင်မလဲ။ ကိုယ်အဆင်ပြေသလိုပဲ စားရတာပေါ့၊ ကျနော်တို့လည်း အဲ့လိုပါပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၉ ထောင် နီးပါးရှိသော နတ်သံကွင်းမြို့တွင် ပြီးခဲ့သည့် ဇွန်လပိုင်းက KNLA ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အခြေစိုက်စခန်းများအား တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် လူဦးရေထက်ဝက်ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီး စစ်ကောင်စီတပ်မှာ မြို့ရဲစခန်းအပါအဝင် နေရာအချို့တွင် တပ်စွဲနေကြကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရသည်။
ထို့အတူ ကျောက်ကြီးမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများအတွင်း အမျိုးသမီး ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး အသက် (၈) နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
KIC ပေးပို့သည်။