ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာအနီး စစ်ကော်မရှင်တပ်နှင့် PNO တပ်တို့ အင်အားဖြည့်တင်း

By MPM 30 ဧပြီ, 2026 👁 2

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNO တပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ အင်းအား (၃၀၀) ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။

“စစ်ကားတွေတော့ နေ့တိုင်းအသွားအပြန်လုပ်နေတာ လူတွေအပြည့်တင်လာပြီး ပြန်သွားတော့ အလွတ်ကြီးတွေပဲ၊ ဒီသင်္ကြန်အတွင်းရော သင်္ကြန်ပြီးချိန်ရော စစ်ကားတွေ အများကြီးလာတယ်၊ တစ်ခါလာရင် ဆယ်စိးလောက်ရှိတယ်၊ဒီလိုတိုင်းဆို တော်လှန်ရေးဘက်ရော နှစ်ဘက်စလုံး စစ်ရေးတင်းမာနိုင်တယ်” ဟု ဆောင်းပြောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ရေးအခြေနေတင်းမာလာနေသောကြောင့် စစ်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြပြီး စစ်ပွဲထပ်မံမဖြစ်ပွားစေလိုတော့ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ထို့အပြင် ယခင်နှစ် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင်လည်း ယခု မိုးရာသီအစတွင် စစ်အင်အားဖြည့်တင်းမှု့များ ပြုလုပ်ကာ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စိုက်ပျိုးရာသီတွင် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ဒီလိုစိုက်ချိန် ပျိုးချိန်ဆို စစ်ပွဲက ဖြစ်ပြီ၊ ယခင်နှစ်တွေကလည်း စိုက်ပျိုးချိန်ဖြစ်တော့ စိုက်ထားတာတွေ ပေါင်းမရှင်းရတော့သေကုန်တာနဲ့ အပင်တွေကို ဂရုမစိုက်နိုင်တော့ သီးနှံကထွက်နူန်းလျော့တာတို့ကြုံရတယ်၊ စပါးလည်း ကောင်းကောင်းမစိုက်ရဘူး စစ်ရှောင်နေရတာနဲ့ ဒီနှစ်တော့ ထပ်မဖြစ်ချင်တော့ဘူး” ဟု ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ ပင်လောင်းဘက်တွင် စစ်အင်အားဖြည့်တင်းနေမှုကြောင့် အောင်ပန်း-ပင်လောင်း သွားလမ်းနှင့် ပင်လောင်း -ဖယ်ခုံနယ်စပ်ဘက်တွင် အစစ်ဆေးတင်းကြပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်မှ ၁၀ ရက်နေ့အထိ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းနှင့် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း တို့တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

သျှမ်းသံတော်ဆင့်