သျှမ်းပြည်၊ နောင်ချိုမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်းကြောင့် အချိန်မီစိုက်ပျိုးနိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။
နောင်ချိုမြို့မှ စစ်ဘေးရှောင်တစ်ဦးက “တိုက်ပွဲဆက်ဖြစ်နေတုန်းပဲ၊ လက်နက်ကြီးကတော့ စစ်ကောင်စီက နေ့တိုင်းပစ်နေတာ။ အခုက စိုက်ပျိုးရာသီရောက်တော့မယ်ဆိုတော့ မျိုးစေ့တို့၊ ဓာတ်မြေဩဇာတို့ ဒီဟာတွေပေါ့ တိုက်ပွဲဖြစ်ပြီး လမ်းပိတ်ရင် ဈေးတက်မှာလည်း စိုးရိမ်ရတယ်။ အဓိကတော့ အချိန်မီ မစိုက်နိုင်လို့ အထွက်နှုန်းကျရင် ဝင်ငွေလည်းထိခိုက်တာပေါ့” ဟု ပြောသည်။
သင်္ကြန်ကာလနောက်ပိုင်း ဧပြီလ ဒုတိယပတ်မှစ၍ သျှမ်း-မန္တလေး နယ်စပ်ရှိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ တပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့ အကြား နှစ်ဘက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းကြောင့် နေရပ်မပြန်နိုင် သေးသည့် စစ်ဘေးရှောင်များ မိုးဦးရာသီ အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင်လည်း ပြောင်းမျိုးစေ့များမှာ တစ်ထုပ်လျှင် ကျပ်ငွေ ၈ သောင်းမှ ၁ သိန်းကျော် အထိ ရှိပြီး ဓာတ်မြေဩဇာ အညံ့စားတစ်အိတ်ကို ကျပ်တစ်သိန်းမှ စတင်ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
ထို့အပြင် တိုက်ပွဲ ထပ်မံပြင်းထန်လာနိုင်ပြီး ကားလမ်းပိတ်ပါက ပြောင်းမျိုးစေ့နှင့် ဓာတ်မြေဩဇာဈေးမှာ ယခုထက် ပို၍မြင့်တက်လာနိုင်သလို ထွန်ယက်စိုက်ပျိုးရန်အတွက် စက်သုံးဆီဈေးများ မြင့်တက်လာမည်ကို စိုးရိမ်နေရသည်ဟု နောင်ချိုဒေသခံများက ပြောသည်။
“အခု မိုးကျပြီလေ၊ တောင်ယာထွန်ယက်ဖို့ကလည်း စက်နဲ့ဆိုတော့ ဆီဈေးတက်မှာလည်း စိုးရိမ်တယ်။ စစ်ဘေးရှောင်တွေက စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့မှာ ရှောင်နေရတော့ ခြံပြန်စိုက်ဖို့လည်း စိတ်ပူတာပေါ့။ အိမ်ပြန်ဖို့ကလည်း တိုက်ပွဲဖြစ်နေသေးတော့ စိတ်မချရတာတွေ ရှိတယ်။ တချို့နေရာဆိုရင် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း မလောက်တာရှိတယ်” ဟု နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။
နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကို လာရောက်ကူညီသူများလည်း နည်းပါးလာပြီး အင်းဝိုင်း၊ ခြေမြစ်ပင်၊ ဘန့်ဘွေး၊ ကုန်းကြီး၊ ကုန်းသာနှင့် လွယ်တောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် မန်နား၊ ဆီဆုံ၊ ပါဟက်၊ ကြူအင်း စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ၁ ထောင် ကျော် ရောက်ရှိနေပြီး နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့ရှိ စစ်ဘေးရှောင် စုစုပေါင်း ၂၀၀၀ ကျော်မှာ နေရပ်မပြန် နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
အလားတူ နောင်ချိုမြို့နယ်ရှိ ရွှေညောင်ပင်နှင့် ဘန့်ဘွေးကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သုံးဆယ်၊ ဆမ္မဆယ်နှင့် ကြူအင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေပြီး မေလ ၁၀ ရက် ညပိုင်း ကလည်း သုံးဆယ်ကျေးရွာမှ အမျိုးသမီးတစ်ဦး အပါအဝင် (၂) ဦး သေဆုံးခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန် ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။