နေပြည်တော်အစိုးရနဲ့ ဆက်ဆံရေး ပုံမှန်ထားရှိမှုကြောင့် ထိုင်းသံရုံးတွေကို ကမ္ဘာတဝှမ်း မြန်မာတွေ ဆန္ဒပြ

By MPM 3 စက်တင်ဘာ, 2026 👁 232

အမေရိကန်နဲ့ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံရှိ ထိုင်းသံရုံးတွေအပြင်ဖက်မှာ မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာထောက်ခံသူတွေ ချိတ်ဆက်ပြီး စက်တင်ဘာ ၂ ရက်က ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)မင်းအောင်လှိုင်နဲ့ သံတမန်ရေး စေ့စပ်ဆက်ဆံမှုတွေ ရပ်တန့်ရေး ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်လည်ပို့ဆောင်မှု ရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက တိုကျို၊ လန်ဒန်၊ ဝါရှင်တန်ဒီစီ၊ ကင်ဘာရာ၊ ဆိုးလ်နဲ့ ပါရီမြို့တို့ရှိ ထိုင်းသံရုံးများသို့ အိတ်ဖွင့်ပေးစာတွေ ပေးပို့ခဲ့ကြပါတယ်။

အဆင့်မြင့် အပြန်အလှန် စေ့စပ်ဆက်ဆံမှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရအတွက် နိုင်ငံရေးအရ တရားဝင်ဖြစ်မှု ခွင့်ပြုပေးရာရောက်တယ်လို့ အဲဒီ အိတ်ဖွင့်ပေးစာတွေမှာ သတိပေးထားပါတယ်။

သြဂုတ် ၆ ရက်နဲ့ ၇ ရက်က ဘန်ကောက်သို့ သမ္မတမင်းအောင်လှိုင် သွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူလ်နဲ့ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲ့ ပြန်လည်စေ့စပ်ရေး မူဝါဒကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေက ပြောကြားပြီး ဘန်ကောက်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရက်တစ်ဆန္ဒကို လေးစားဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှု၊ တရားမဝင် ဝင်ရောက်မှု ဒါမှမဟုတ် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့အတွက် စွပ်စွဲခံထားရတဲ့ နိုင်ငံခြားသားတွေကို အရှိန်မြှင့် ဖယ်ရှားရှင်းလင်းမယ့် ပြန်လည်ပို့ဆောင်ရေး မူဘောင်နဲ့ပတ်သက်လို့လည်း စိုးရိမ်ကြောင်း ဆန္ဒပြသူတွေက သြဂုတ် ၂၆ ရက်မှာ ဝန်ကြီးချုပ် အနုတင်ထံ တင်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ မိခင်နိုင်ငံသို့ ပြန်ပို့ခံရရင် မတရားဖမ်းဆီးခံရနိုင်ပြီး စစ်ဆေးမေးမြန်းတာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေဆီ ရောက်သွားချိန်မှာလည်း ကိုယ်ထိလက်ရောက် ပြင်းထန်တဲ့ စော်ကားမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သူတို့က ပြောပါတယ်။

၂၀၂၄ စစ်မှုထမ်းဥပဒေကြောင့်လည်း မြန်မာနိုင်ငံသို့ ပြန်ရောက်လာတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အရွယ်တွေ အတင်းအကြပ် စစ်မှုထမ်းခိုင်းတာ ခံရနိုင်တယ်လို့လည်း သူတို့က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ NUG ၊ SCEF တို့အပါအဝင် မြန်မာဒီမိုကရေစီအင်အားစုတွေနဲ့ စေ့စပ်ဆက်ဆံဖို့လည်း မြန်မာအသိုင်းအဝိုင်းက တိုက်တွန်းထားပါတယ်။

အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့နဲ့ NUG တို့ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုဖွဲ့စည်းရေး ဦးဆောင်ကော်မတီလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ စတင် စေ့စပ်ဆက်ဆံဖို့လည်း ထိုင်းကို ဆန္ဒပြသူတွေက တိုက်တွန်းထားပါတယ်။

သံလွင်တိုင်း