နိပွန်ဖောင်ဒေးရှင်းဥက္ကဌနှင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် နေပြည်တော်တွင် တွေ့ဆုံ

By MPM 21 အောက်တိုဘာ, 2026 👁 35

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ မစ္စတာ ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) သည် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်အုပ်စု သမ္မတရုံး၌ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း စစ်တပ်၏ သမ္မတရုံးပြောခွင့်ရက ထုတ်ပြန်ထားသည်။

ဆာဆာကာဝါသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ကူညီခဲ့သူဖြစ်ပြီး အာရက္ခတပ်တော် (AA) နှင့် မြန်မာအာဏာပိုင်များကြား ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်လာရေးအတွက် ဆက်သွယ်ဆောင်ရွက်နေကြောင်း ယခင်က ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတစ်ခုနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင်လည်း မြန်မာနိုင်ငံ၌ တိုက်ပွဲများ ပြင်းထန်လာသော်လည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုများကို လက်လျှော့မည်မဟုတ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်ပေါ်လာရေးအတွက် တိတ်တဆိတ် သံတမန်ရေးရာ ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းမှုများနှင့်အတူ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် အာဏာသိမ်းစစ်တပ် နှင့် AA ကြား ယာယီအပစ်အခတ်ရပ်စဲခဲ့ဖူးသည်။

ယင်းအပြင် နိပွန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ၁၉၇၆ ခုနှစ်မှစတင်ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခဲ့ပြီး ကျန်းမာရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့သည်။

သို့သော် ယခုတွေ့ဆုံမှုတွင် AA နှင့် တိုက်ရိုက်ဆွေးနွေးရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိကို ထုတ်ပြန်ချက်တွင် သီးခြားဖော်ပြထားခြင်း မရှိပေ။

နိရဉ္စရာ