ရေဖြူ နဘုလယ်ဒေသမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်နေလို့ ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးနေရ

By MPM 22 အောက်တိုဘာ, 2026 👁 34

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်မှာ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နဘုလယ်ဒေသထဲက ဘုရားတန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ ရေနက်ဆိပ်ကမ်းစခန်းမှတဆင့် နဘုလယ်ဒေသထဲရှိ ဘုရားတန်း၊ လဲရှောင်နဲ့ ထိန်ကြီးကျေးရွာဘက်ကို တောလမ်းအတိုင်း ဦးတည်လာပြီး ဘုရားတန်းကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ဘုရားတန်းကျေးရွာက ဒေသခံ ၁၀၀၀ ဝန်းကျင်ဟာ ပေါ်တာဆွဲဖမ်းဆီးခံမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်ဟာ ဘုရားတန်းကျေးရွာက ပြန်ထွက်သွားတာကြောင့် ဒေသခံအချို့ ရွာထဲ ပြန်ဝင်နေကြပြီးဖြစ်သလို အချို့လည်း အခြေအနေစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ နဘုလယ်ဒေသထဲရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာပြီး ဘုန်းကြီးကျောင်းတွေမှာ ရက်ရှည်တပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေ စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်