အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF/KNA) တပ်ဖွဲ့က နိုဝင်ဘာလ ၁၇ ရက်တွင် ကျားဖြန့်နိမ်နှင်းရေး အထူးစစ်ဆင်ရေးစတင်ပြီဟု မီဒီယာများကို ပြောကြားခဲ့အပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေ၊ ရွှေကုက္ကိုလ်မြိုင်ကျွေးရွာအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းသားများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများထံက သိရသည်။
ထွက်ပြေးတိမ်းရှောင်သူအများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး တရုတ်စာဖြင့် ရေးသားကြော်ငြာထားသည် ဆိုင် ဆိုင်းဘုတ်များကိုလည်း အမိုးအကာများဖြင့် ဖုံးအုပ်ထားကြောင်း သိရသည်။
“ဆိုက် ၄/၅ နဲ့ ဟုန်ထူးဘက်တွေနဲ့ ပန်ခြံနားကနေရာတွေ ဆိုက်အသစ်တွေမှာ ပွက်လောရိုက်နေကြတယ်။ တရုတ်တွေ အိတ်တွေနဲ့ ထွက်ပြေးနေတာတွေ့တယ်။ အများစုက တရုတ်တွေပါ။ ဘယ်ကိုသွားနေလဲတော့မသိဘူး” ဟု မျက်မြင်တွေ့ရှိသူတဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။
ရွှေကုက္ကိုလ် ဖေ့ဘွတ်ဂရုတွင်လည်း ကားအဌားလိုက်သူများက ကြော်ငြာပို့စ်များ ဆက်တိုက်တင်နေပြီး အွန်လိုင်းငွေလိမ်လည်သည့် အဆောက်အအုံအရှေ့တွင် လူခေါ်နေကြောင်းလည်း သိရသည်။
BGF ၏ ခေါ်ဆောင်မှုဖြင့် ရွေကုက္ကိုလ်မြိုင် အတွင်းသို့ အာဏာသိမ်းစစ်တပ် ရောက်ရှိလာသည်ဟုသော သတင်းထွက်ပေါ်လာပြီးနောက် ထိုသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ဆိုသည်။
“တချို့ဆိုက်တွေထဲကို BGF ကားတွေနဲ့ ဝင်သွားတယ် အဆောက်အအုံတွေကို မီးပိတ်ထားတယ်။ နောက်တော့ ကားတွေနဲ့ အရှိန်ပြင်းပြင်း မောင်းထွက်သွားတာတွေ့တယ်။ တရုတ်တွေကို ခေါ်သွားပုံရတယ်။ ဘယ်နေရာကို ထပ်ရွှေ့လဲဆိုတာတော့ မသိဘူး။ နေရာတွေ ထပ်ရွှေ့နေတာ” ဟု ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတဦးက ပြောသည်။
မြန်မာအပါအဝင် နိုင်ငံခြားသား အချို့သည် အွန်လိုင်းငွေလိမ်လုပ်ငန်း အဆောက်အအုံအတွင်း ပိတ်မိနေခြင်းများရှိပြီး လုံခြုံရေးအဖွဲ့များက တံခါးသော့ခတ်ထားကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေကုက္ကိုလ်မှ ထွက်ပြေးနေကြသူများ။ (အွန်လိုင်းတွင် ပျံ့နှံ့နေသည့်ရုပ်သံမှ screenshot ရိုက်ယူထားပါသည်)
တရုတ်လုပ်ငန်းရှင်များ ထွက်ပြေးတိမ်ရှောင်နေပြီး အလုပ်သမားအများစုသည် ပိတ်မိနေကြောင်းသိရသည်။
“ကျွန်မတို့ကို အပြင်ထွက်ခွင့်မပေးဘူး။ တံခါးတွေ အကုန်သော့ခတ်ထားတယ်။ အထဲမှာ တရုတ်တွေမရှိတော့ဘူး ကျွန်မတို့ မြန်မာနဲ့ တခြားနိုင်ငံခြားသားတွေပဲရှိတော့တယ်။ အဆောက်အဦးကို မီးပိတ်ထားတယ် ဖုန်းသုံးခွင့်မပေးဘူး။ ကျွန်မ စိတ်ထင် တရုတ်တွေကို လွှတ်အောင်လုပ်ပြီး ကျွန်မတို့ကို ဓားစာခံသဘော လုပ်မလားမသိဘူး” ဟု အသက် ၂၂ အရွယ် မြန်မာအမျိုးသမီးတဦးက ပြောသည်။
အမေရိကန်နိုင်ငံက မြန်မာအပါအဝင် လာအို၊ကမ္ဘောဒီယားနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နှင်းရန်အတွက် Scam Center Strike Force အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနမှ နိုဝင်ဘာလ ၁၂ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် နိုဝင်ဘာလ ၁၄ ရက်တွင်လည်း တရုတ်နိုင်ငံ ဦးဆောင်ကာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ်နိုင်ငံအပါအဝင် နိုင်ငံခြောက်နိုင်ငံတို့မှ ဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်းကို ပူးပေါင်းနှိမ်နင်းမည်ဖြစ်ကြောင်း သဘောတူခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘာအံခရီးစဉ်တွင် အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းကို အမျိုးသားရေးတရပ်အနေဖြင့် နှိမ်နင်းမည်ဟု ပြောဆိုခဲ့သည်။
မဇ္ဈိမ