နယ်စပ်ခြံစည်းရိုးအနီး ARSA နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားပြီး မွတ်ဆလင်ဒုက္ခသည်စခန်း မီးရှို့ခံရ

By MPM 19 ဇန်နဝါရီ, 2023 👁

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ယာအနီးရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့က ညနေပိုင်းက မီးရှို့ခံခဲ့ရကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းက မွတ်ဆလင်ဒုက္ခသည်စခန်းအနီးမှာ ARSA နှင့် RSO အဖွဲ့တို့ ဇန်နဝါရီလ ၁၇ နှင့် ၁၈ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ မီးရှို့ခံလိုက်ရခြင်း ဖြစ်ကြောင်း တောင်ပြိုလက်ဝဲမှ ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီဒုက္ခသည်စခန်းက ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲမှာရှိတာ။ ဟိုနေ့ကတည်းက အဲဒီနားမှာ ARSA အဖွဲ့နဲ့ RSO အဖွဲ့က တိုက်ပွဲဖြစ်နေတာ။ ASRA အဖွဲ့က အဲဒီဒုက္ခသည်စခန်းအနီးမှာ တပ်စွဲလို့ရှိတယ်လို့ သိရတယ်။ အဲဒါကို RSO သွားပြီးတော့ တိုက်တာ။ မနေ့ကတော့ အဲဒီစခန်းမီးရှို့ခံရပြီးတော့ မီးခိုးတွေထွက်တာကို ကျနော်တို့မြင်ရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါစခန်းတွင် မွတ်ဆလင်ဒုက္ခသည်ဦးရေ ထောင်နဲ့ချီရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရာဘင်ခရိုင်၊ ခေါင်းတုံးကျေးရွာအုပ်စု တောင်ပြိုလက်ယာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်ကလည်း အဆိုပါ ဒုက္ခသည်စခန်းအနီးမှ ပစ်ခတ်သံများကြားရကြောင်း အခြား တောင်ပြိုလက်ဝဲဒေသခံတစ်ဦးက ပြောသည်။

“ဟိုတစ်နေ့ကဆိုရင် တစ်ရက်လုံး တိုက်ပွဲဖြစ်တယ်။ မနေ့ညကအထိလည်း ပစ်ခတ်သံတွေကြားရတယ်။ အဲဒီဒုက္ခသည်တွေ ဘယ်ကိုထွက်ပြေးနေရလဲ ဆိုတာတော့ ကျနော်တို့လည်း မသိရသေးဘူး။ ဒီဖက်ကို ထွက်ပြေးလာတာတွေတော့ မရှိသေးဘူး” ဟု ၎င်းကဆိုသည်။

မောင်တောမြောက်ပိုင်းတွင် ARSA အဖွဲ့များ စစ်ရေးလှုပ်ရှားမှုရှိပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

အောင်ထိန် (DMG) – ပေးပို့သည်။