နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော် ပိတ်ထားရပြီး ကလေးများ ပညာသင်ခွင့်ဆုံးရှုံးနေဟု ENWA စစ်တမ်းဆို

By MPM 12 ဩဂုတ်, 2026 👁 44

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော် ပိတ်ထားရသဖြင့် ကလေးများ ပညာသင်ယူခွင့် ဆုံးရှုံးနေကြောင်း အရှေ့နာဂအမျိုးသမီးအသင်း (ENWA) ၏ စစ်တမ်း တစောင်တွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို ယခုနှစ် စာသင်ကျောင်းများ မဖွင့်မီ သုံးလကျော်ကြာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး နန်းယွန်း မြို့နယ်ရှိ စာသင်ကျောင်း ၁၁၀ ကျော်အနက် ယခင်နှစ်က ကျောင်း ၂၀ ကျော် မဖွင့်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းနှင့်ရွာများ မဖွင့်နိုင်သည့် အရေအတွက် ပိုမိုများပြားလာကြောင်း ENWA က ဆိုသည်။

“ဆရာ၊ ဆရာမ မလုံလောက်မှုကတော့ နန်းယွန်းမြို့နယ်အပြင် နာဂဒေသတခုလုံးမှာ ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်၊ တချို့ ငါးတန်းအထိရှိတဲ့ မူလတန်းကျောင်းတွေမှာ ကျောင်းဖွင့်ထားတယ်ဆိုယုံ ဆရာ၊ ဆရာမ တယောက်တည်းနဲ့ သင်ကြားနေရတဲ့အခြေအနေမျိုးတွေရှိပါတယ်၊ ပြောရမယ်ဆိုရင် စာသင်ကျောင်း ဖွင့်ထားတာထက် ကလေးထိန်းကျောင်းဖွင့်ပေးထားသလို ဖြစ်နေပါတယ်” ဟု ENWA တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

နာဂဒေသတွင် ကျောင်းများ မဖွင့်နိုင်ခြင်းသည် ပညာရေးကဏ္ဍတခုတည်း၏ ပြဿနာမဟုတ်ဘဲ ပဋိပက္ခနှင့် လုံခြုံရေးအခြေအနေ၊ ဆရာ၊ ဆရာမ မလုံလောက်မှု၊ အခြေခံအဆောက်အအုံ အားနည်းမှု၊ လမ်းပန်းဆက်သွယ် ရေးနှင့် စီးပွားရေးအခက်အခဲများကြောင့် ဖြစ်ကြောင်း စစ်တမ်းဖြေဆိုသူများ၏ ပြောကြားချက်ကို ကိုးကား၍ ENWA က ဆိုသည်။

အချို့ကျေးရွာများတွင် လေးနှစ်ကျော်ကြာ ကျောင်းမဖွင့်နိုင်သဖြင့် ဆက်လက်ကျောင်းမတက်နိုင်သည့် ကလေးများနှင့် ကျောင်းလုံးဝမတက်ဖူးသေးသည့် ကလေးများ ရှိနေပြီး ယင်းအခြေအနေသည် ကလေးများ၏ စာတတ်မြောက်မှုနှင့် ပညာရေးတိုးတက်မှုအပေါ် ရေရှည်သက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ENWA က ဖော်ပြထားသည်။

ကျောင်းပညာရေး ပြတ်တောက်မှုကြောင့် စာအရေးအတ် မတတ်ခြင်း၊ ပညာရေးနောက်ကျခြင်း၊ ကလေးအလုပ်သမားများ ဖြစ်လာခြင်း၊ အရွယ်မတိုင်မီ အိမ်ထောင်ကျခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့များတွင် ဝင်ရောက်ခြင်းများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ကလေးများ ပညာသင်ယူခွင့် ရရှိရေးအတွက် အဓိကတာဝန်ရှိသူများမှာ မြန်မာနိုင်ငံကို အုပ်ချုပ်သူများဖြစ်ပြီး ဒေသတွင်းရှိ လူထုခေါင်းဆောင်များနှင့် မိဘများတွင်လည်း တာဝန်ရှိကြောင်း ENWA တာဝန်ရှိသူက ပြောသည်။

ကလေးများအတွက် လုံခြုံစိတ်ချရသော စာသင်ကျောင်းများ၊ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ကျသည့် အစားထိုးပညာရေးနှင့် အထောက်အပံ့များကို အမြန်ဆုံးဖြည့်ဆည်းပေးရန်လည်း ENWA က တောင်းဆိုထားသည်။

အရှေ့နာဂအမျိုးသမီးအသင်းအနေဖြင့် ကလေးများ၏ ပညာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပညာရေးအပါအဝင် ဒေသအခြေအနေ အချက်အလက်ကောက်ယူမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

နာဂစာပေနှင့် ယဉ်ကျေးမှုပညာရှင် ဒေါက်တာ အီနွေဆိုင်းညူကလည်း ယင်းအခြေအနေသည် ကျောင်းအချို့ မဖွင့်နိုင်ခြင်းထက် ပိုမိုကျယ်ပြန့်ပြီး ကလေးများ နှစ်ကာလရှည် ပညာသင်ယူခွင့် ဆုံးရှုံးနေသည့် အခြေအနေဖြစ်လာသဖြင့် အနာဂတ် လူ့စွမ်းအားအရင်းအမြစ်အပေါ် သက်ရောက်မှုကို စဉ်းစားရန်လိုအပ်ကြောင်း မဇ္ဈိမကို ပြောသည်။

“ပညာရေးပြတ်တောက်နေတဲ့ကလေးတွေနဲ့ ကျောင်းမတက်ဖူးသေးတဲ့လူငယ်တွေရှိနေတယ်၊ တချို့က မိသားစုအတွက် အလုပ်လုပ်ရတယ်ဆိုတဲ့ အခြေအနေတွေက စိုးရိမ်စရာကောင်းပါတယ်၊ကာလရှည် ပညာသင်ခွင့်ဆုံးရှုံးခြင်း ဖြစ်တာပါ၊ ဒါကြောင့် ENWA ရဲ့ လေ့လာချက်ကို ကြိုတင်သတိပေးအချက်ပြမှု မြင်ပါတယ်၊ လက်ရှိ ကလေးတွေ ကျောင်းမတက်နိုင်ဘူး ဆိုတာထက် နောက် ငါးနှစ် ၁၀ နှစ်အကြာမှ ဒီကလေးတွေ ဘယ်လိုလူ့စွမ်းအားအရင်းအမြစ်ဖြစ်လာမယ်ဆိုတာ အခုကတည်းက စဉ်းစားဖို့လိုနေပြီလို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကျောင်းပညာရေး နှစ်ရှည်ပြတ်တောက်ခြင်းသည် ကျောင်းစာသင်ယူမှုသာမက မျိုးနွယ်စုအလိုက် ကွဲပြားသည့် မိခင်ဘာသာစကား၊ ရိုးရာပုံပြင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်စွမ်းကိုပါ ဆုံးရှုံးစေနိုင်ကြောင်း ဒေါက်တာ အီနွေဆိုင်းညူက ပြောသည်။

ထို့ကြောင့် ဒေသပညာရေးမူဝါဒတွင် ခေတ်မီပညာရေး (Modern Education) နှင့် တိုင်းရင်းသားရိုးရာအသိပညာ တို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်သင်ကြားပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

နာဂဒေသတွင် ပညာရေးလက်လှမ်းမီရေးအတွက် ရပ်ရွာအခြေပြု ယာယီကျောင်းများနှင့် Learning Centres များ အမြန်ဆုံးဖွင့်လှစ်ရန်၊ ဒေသခံဆရာ၊ ဆရာမများ မွေးထုတ်ရန်နှင့် အင်တာနက်အခက်အခဲရှိသဖြင့် အော့ဖ်လိုင်းနည်းလမ်းများဖြစ်သည့် ဖုန်း၊ Tablet၊ SD Card၊ Audio Lessons၊ စာအုပ်များနှင့် ရေဒီယိုများကို အသုံးပြုရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။

ထို့အပြင် အသက်အရွယ်နှင့် စာတတ်မြောက်မှု ကွာဟနေသည့် ကလေးများအတွက် ဖြည့်ဆည်းပေးနိုင်မည့် အထူးသင်ရိုးများ စီစဉ်ရန်၊ ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေမှုကို ပညာပေးတားဆီးကာကွယ်ရန်နှင့် မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ကြေးအပြင် အသက်မွေးဝမ်းကျောင်းများ ကူညီပံ့ပိုးပေးရန် လိုအပ်ကြောင်း ဒေါက်တာ အီနွေဆိုင်းညူက အကြံပြုထားသည်။

ပညာရေးပြတ်တောက်မှုကြောင့် ဆင်းရဲမွဲတေမှု သံသရာလည်ပတ်ခြင်း၊ ဦးနှောက်ယိုစီးမှု၊ ယဉ်ကျေးမှုနှင့် ဘာသာစကား ပျောက်ကွယ်နိုင်ခြင်းနှင့် အမျိုးသားရေး၊ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများ ထိခိုက်လာနိုင်ကြောင်းလည်း သိရသည်။

ကလေးတဦး၏ ပညာရေးဆုံးရှုံးမှုသည် မိသားစု၊ ရပ်ရွာနှင့် ဒေသတခုလုံး၏ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုဖြစ် သဖြင့် နှစ်ကာလရှည် ကျောင်းပိတ်ထားရသည့် အခြေအနေကို အရေးပေါ် မဖြေရှင်းနိုင်ပါက အနာဂတ် လူ့စွမ်းအားအရင်းအမြစ် အကျပ်အတည်းဆီသို့ ဦးတည်သွားနိုင်ကြောင်း ဒေါက်တာ အီနွေဆိုင်းညူက ပြောသည်။

ထို့ကြောင့် ကျောင်းအဆောက်အအုံများ ပြန်လည်ဆောက်လုပ်ပေးရုံသာမက အရေးပေါ်ပညာရေး၊ အစားထိုးပညာရေး၊ ပညာသင်ကြားမှုနောက်ကျကျန်ခဲ့သည့် ကလေးများကို ပုံမှန်အတန်းနှင့် လိုက်မီအောင် ပြန်လည်သင်ကြားပေးသည့် ပညာရေးအစီအစဉ် နှင့် ဒေသခံဆရာ၊ ဆရာမများ မွေးထုတ်ရေးတို့ကို ဟန်ချက်ညီ စွာ ဆောင်ရွက်ပေးမည့် ပညာရေးမဟာဗျူဟာတရပ် အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

မဇ္ဈိမ