ဒေါ်အောင်ဆန်းစုကြည် ‘ဓားစာခံအဖြစ် ရှိနေဆဲ’ ဟု ကင်မ်အဲရစ်ပြော၊ အသက်ရှင်နေသေးပါက သက်သေပြရန် တောင်းဆို

By MPM 1 မေ, 2026 👁 2

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် “ဓားစာခံအဖြစ် ရှိနေဆဲ” ဖြစ်ပြီး အသက်ရှင်နေသေးပါက သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ဧပြီလ ၃၀ ရက်နေ့ ညပိုင်းတွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။

“မေမေ့ကို နေရာရွှေ့ပြောင်းတာဟာ လွတ်မြောက်ခွင့်ပေးတာ မဟုတ်ဘူး။ မေမေ့ကို ဓားစာခံထားနေဆဲပါ။ မေမေ အသက်ရှင်နေသေးရင် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပါ” ဟု ကင်မ်အဲရစ်က ထုတ်ပြန်ချက်တွင် တောင်းဆိုသည်။

စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်အား နေရာရွှေ့ပြောင်းကြောင်း သတင်းမှန်ကန်ပါက ယခုအနေအထားအား ကောင်းသောအပြောင်းအလဲဟု အယူမမှားသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထောင်တခုမှ လျှို့ဝှက်နေရာတခုသို့ ရွှေ့ပြောင်းလိုက်ခြင်းသည် လွတ်မြောက်ခြင်းဟု မဆိုနိုင်ကြောင်းလည်း ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဓားစာခံအဖြစ်ရှိနေဆဲ၊ ကမ္ဘာကြီးနှင့် အဆက်သွယ်ဖြတ်ခံထားရဆဲဖြစ်ကာ ၎င်းအား မတရားဖမ်းဆီးထားသူများ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဆဲဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော့်စိုးရိမ်ပူပန်မှုဟာ အလွန်ရိုးရှင်းပါတယ်။ ညနေခင်းသတင်းတွင် ကြေညာလိုက်ရုံမျှနှင့် လျော့ပါးသွားမည့်ကိစ္စမျိုးမဟုတ်ပါ။ ကျွန်တော့်အနေဖြင့် မည်သည့်တရားဝင်ရင်းမြစ်များမှ သတင်းအချက်အလက် မရရှိခဲ့ပါ” ဟု ကင်မ်အဲရစ်က ပြောသည်။

“ကျွန်တော့်မိခင် ဘယ်မှာရှိနေသည်ကို ကျွန်တော်မသိရပါ။ မေမေ ဘယ်လိုနေနေရသလဲဆိုသည်ကိုလည်း မသိရပါ။ မေမေ အသက်ရှင်နေသေးရဲ့လားဆိုတာ ကျွန်တော်အလွန်စိုးရိမ်နေပါသည်” ဟုလည်း ဆိုသည်။

လက်ရှိ စစ်အုပ်စု၏ ကြေညာချက်သည် “ပွင့်လင်းမြင်သာမှုမရှိ” သော ကြေညာချက်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်သည့် စစ်မှန်သော သတင်းအချက်အလက်များအား တမင်ထိန်ချန်ထားခြင်းသာဖြစ်သည့်အတွက် ပိုမိုစိုးရိမ်ပူပန်စေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များအနေဖြင့် ယခုကဲ့သို့သော လူမြင်လှစေရန် ဖန်တီးကြံစည်မှုများအား အဓိပ္ပါယ်ရှိသော ပြောင်းလဲတိုးတက်လာမှုဟု အယူမမှားယွင်းစေရန် ကျွန်တော်တိုက်တွန်းပါသည်။ ကျွန်တော်တို့ လိုအပ်နေသည်မှာ ရှင်းလင်းပြတ်သားမှုဖြစ်ပါသည်။ အတည်ပြုထားသော သတင်းအချက်အလက်၊ အလုံးစုံပွင့်လင်းမြင်သာမှုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်ဖြစ်သည်” ဟုလည်း ကင်မ်အဲရစ်က တိုက်တွန်းသည်။

အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြင်ပနှင့် အဆက်သွယ်ဖြတ်တောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များအား ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ကြောင်း စစ်အုပ်စုက ဧပြီလ ၃၀ ရက် ညပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်မရာဘက် ကျောပေးထိုင်နေသည့် စစ်ယူနီဖောင်းဝတ်ထားသူတဦး၊ ဘေးတိုက်အနေအထားဖြင့် ထိုင်နေသည့် ရဲယူနီဖောင်းဝတ်ထားသူတဦးနှင့် လက်သာပါဝင်သည့် နောက်တဦးတို့ ထိုင်နေကြသည့် ရက်စွဲမဖော်ပြထားသည့် ဓာတ်ပုံတပုံကိုသာ ထည့်သွင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေအထားနှင့် ပတ်သက်၍ တရုတ်အစိုးရမှ ကြေညာချက်များ ထုတ်ပြန်ပြီးနောက် ချက်ချင်းထွက်ပေါ်လာသည့် ယခုလုပ်ဆောင်ချက်များသည် “ကြိုတင်ကြံစည်ထားသော အားထုတ်မှုများသာ” ဖြစ်သည်ဟု ကင်မ်အဲရစ်က ပြောသည်။

“နိုင်ငံတကာ ဖိအားများလျှော့ချရန်နှင့် အနှစ်သာရရှိသော ပြုပြင်ပြောင်းလဲမှုမပါဝင်ဘဲ တရားဝင်မှုရရှိရန်အတွက်သာ တွက်ချက်ဖန်တီးထားသော်လည်း လက်တွေ့အခြေအနေရှိ ရက်စက်ကြမ်းကြုတ်မှုများမှာ မပြောင်းလဲဘဲ တည်ရှိနေဆဲဖြစ်ပါသည်” ဟုလည်း ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထောင်ဒဏ် နှစ်နှစ်၊ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့နှင့် ယနေ့ (ဧပြီလ ၃၀ ရက်) တို့တွင် ပြစ်ဒဏ်ခြောက်ပုံတပုံ လျှော့သည့်အထဲ ပါဝင်ခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၁၈ နှစ် ကိုးလ ဆက်လက်ချမှတ်ခံထားရသည်။

မဇ္ဈိမ