ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ ‘သတ်မှတ်နေအိမ်’ ၌ ကျန်ရှိပြစ်ဒဏ်များ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်

By MPM 1 မေ, 2026 👁 1

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့ထိန်းချုပ် မြန်မာ့အသံက ယနေ့ (ဧပြီ ၃၀) ညပိုင်းတွင် ကြေညာသည်။

“နေပြည်တော်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံလျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ (၁) အရ ၎င်းကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်များကို သတ်မှတ်ထားတဲ့နေအိမ်မှာ ဆက်လက် ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း” မြန်မာ့အသံက ကြေညာသည်။

သို့သော် မည့်သည့် နေအိမ်တွင် သတ်မှတ်ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၅၄၁ သည် ထောင်ချရန်နေရာကို သတ်မှတ်နိုင်ခွင့်အာဏာဖြစ်ပြီး “တရားမအကျဉ်းထောင်တွင် အချုပ်ခံလျက်ရှိနေ‌သော တရားခံ သို့မဟုတ် အပြစ်ကျူးလွန်သူများအား ရာဇဝတ်ထောင်သို့ ရွှေ့ပြောင်းခြင်းနှင့် ၎င်းတို့ကို တရားမထောင်သို့ တဖန်ပြန်၍ ရွှေ့ပြောင်းခြင်း” ဟု ဖော်ပြထားသည်။

စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ရှေ့နေများနှင့်ပါ တွေ့ဆုံခွင့်မပေးတော့ဘဲ ပြင်ပနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိ ထင်ရှားရှိနေသေးကြောင်း အထောက်အထားပြရန် တောင်းဆိုမှုများရှိနေချိန် စစ်အုပ်စုက နေရာပြောင်းရွှေ့ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

မဇ္ဈိမ