ဒေါ့ဖုန်းယန်အနီးရှိလုံဂျုံယန်ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရ

By MPM 15 အောက်တိုဘာ, 2023 👁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန်အနီးရှိ လုံဂျုံယန်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ရွာလုံးကျွတ်နီးပါး မီးရှုံ့ဖျက်ဆီးလိုက်ပြီး ဒေသခံရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်က ဗန်းမော်မှ ဒေါ့ဖုန်းယန်ကို ဝင်ရောက်ဖို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်း အင်အား ၁၀၀ ကျော်ဟာ ဒေါ့ဖုန်းယန်မရောက်ခင် လုံဂျုံယန်ကျေးရွာက နေအိမ် ၁၁ အိမ်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံများက ပြောသည်။

“သူတို့က(စစ်တပ်) နေအိမ်တွေကို တမင်သက်သက်ကိုမီးရှို့ပေးလိုက်တာ။ နေအိမ်အားလုံး ၁၁ အိမ် မီးရှို့ပေးလိုက်တာ။ ပြောင်သလင်းခါအောင် မီးရှို့ပေးလိုက်တယ်။ ဘာမှကို မကျန်တော့တာ။ ရွာသားတွေကတော့ စစ်ကြောင်း ချီတက်လာတယ်ကြားလို့ ကြိုတင်ထွက်ပြေး ပုန်းရှောင်သွားကြတဲ့အချိန် စစ်တပ်က ဝင်မီးရှို့ သွားတာပေါ့” လို့ လုံဂျုံယန်ရွာသားတွေကို ကူညီနေသူ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက ပြောသည်။

လုံဂျုံယန်ကျေးရွာတွင် နေအိမ်စုစုပေါင်း ၁၆ အိမ် ရှိပြီး ၁၁ အိမ်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်တယ်လို့ လုံဂျုံယန်ရွာသားတွေကို ကူညီနေသည့် အဆိုပါဒေါ့ဖုန်းယန်ဒေသခံက ပြောဆိုသည်။

အင်အား ၁၀၀ ကျော်ပါသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ကုန်းလော – နောင်ကောန်– မန်ဟုပ် လမ်းအတိုင်း ဒေါ့ဖုန်းယန်သို့ ဦးတည်ချီတက်လာစဉ် လုံဂျုံယန်မရောက်ခင် လမ်းတစ်နေရာ၌ မိုင်းဆွဲ ၊ ပစ်ခတ် တိုက်ခိုက်ခံရပြီး အထိနာခဲ့တာကြောင့် လုံဂျုံယန်ရွာသို့ရောက်ချိန် ရွာကို မီးရှို့ခြင်းဖြစ်ကြောင်း ရွာခံများထံမှ သိရသည်။

ကျေးရွာမီးရှို့ခံရပြီးနောက် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် လုံဂျုံယန်ရွာသားများအားလုံးကို ဒေါ့ဖုန်းယန် KBC အသင်းတော်ဘက်က ကားနှင့်သွားရောက်ခေါ်ယူခဲ့ပြီး လက်ရှိတွင် ဒေါ့ဖုန်းယန် KBC ဘုရားကျောင်းဝင်းထဲ နေရာချထားပေးကြောင်း သိရသည်။

လုံဂျုံယန်ရွာသားတွေကို ကူညီနေသူက “စစ်ကြောင်းမဝင်လာခင် ရွာသားတွေ ၃ ဖွဲ့ ခွဲပြီး ပုန်းရှောင်သွားကြတာ။ တချို့က မုန်လိုင်ခအနောက် နောင်နန်းရွာဘက်၊ တချို့က တောဘက်ပုန်းနေတာ၊ တချို့က လမ်းမကြီး ရှိတဲ့ဘက်ကို ထွက်လာကြတယ်။ အဲ့ဒီလမ်းမကြီးဘက် ထွက်လာတဲ့ တချို့ကိုတော့ ၁၂ ရက်နေ့ကပဲ ကျနော်တို့ သွားခေါ်ယူနိုင်တယ်။ ကျန်တဲ့သူတွေကိုတော့ အဲ့ဒီအိမ်တွေ မီးရှို့ခံရပြီး မနေ့(အောက်တိုဘာ ၁၃)က ညနေမှ အားလုံးကို ပြန်သွားခေါ်ယူနိုင်တာ။ အခုတော့ အားလုံးဒေါ့ဖုန်းယန်ထဲရောက်ပြီ။ တချို့က အပြင်မှာနေတယ်။ အများပိုင်းက အသင်းတော်ဝင်းထဲ ထားထားတယ်။ အသင်းတော်ကနေ တတ်နိုင်သလောက်တော့ ကူညီထားတယ်Ó လို့ ပြောပါသည်။

လက်ရှိ လုံဂျုံယန်ရွာသား စုစုပေါင်း ၄၆ ဦး အိမ်ထောင်စု ၁၂ စုသည် ဒေါ့ဖုန်းယန်ဘုရားကျောင်းဝင်းထဲ ခိုလှုံနေပြီး တချို့မှာ ဆွေမျိုးအိမ်တွေမှာ ခိုလှုံတိမ်းရှောင်နေကြောင်းနှင့် စစ်ရှောင်တွေအတွက် အသင်းတော်မှ တတ်နိုင်သလောက် နေရာပြင်ဆင်ပေးပြီး လိုအပ်တာများ အားဖြည့်ကူညီပေးထားသည်။

“အခု လုံဂျုံယန်တဝိုက် တိုက်ပွဲဖြစ်ပွားနေတာတော့ မရှိပေမဲ့ ရွာသားတွေက အိမ်တွေမရှိတော့ဘူး။ ဘယ်မှာမှကို နေလို့မရတော့တာ။ အားလုံးလည်း မီးလောင်သွားပြီ။ ကျန်တာဆိုလို့ အိမ်အသေး ၂ ခုနဲ့ သက်ကယ်အိမ်အမြင့် ၁ အိမ်ရယ်၊ ပြီးရင် ဘုရားကျောင်း အဲ့လောက်လေးပဲ ကျန်တော့တာ။ ဆိုတော့ အခုရွာသားတွေက ချက်ချင်းပြန်ဖို့ လည်း အဆင်မပြေတော့ဘူး” ဟု လုံဂျုံယန်ရွာသားတွေကို ကူညီနေသူ ဒေါ့ဖုန်းယန်ဒေသခံက ပြောသည်။

ယင်းအပြင် လုံဂျုံယန်ရွာသားများမှာ လယ်ခင်း၊ယာခင်း စိုက်ပျိုးထားတာကြောင့် ဆန်စပါးသီးနှံများကို အောက်တိုဘာလကုန် နိုဝင်ဘာလ၌ အားလုံးရိတ်သိမ်းယူရမည့်အချိန်တွင် လက်ရှိစစ်ရေးအခြေအနေကြောင့် စစ်ရှောင်တိမ်းရာမှ ရိတ်သိမ်းယူခွင့် မရလိုက်မှာကို အားလုံးစိုးရိမ်နေကြတယ်လို့ ၎င်းက ဆက်ပြောသည်။

လုံဂျုံယန်ကျေးရွာသည် ဒေါ့ဖုန်းယန်မှ ဆိုင်ကယ်နှင့် မိနစ် ၂၀ ခန့်သွားရသည့်နေရာရှိ ကချင်ရွာငယ်လေး တစ်ရွာဖြစ်သည်။

လုံဂျုံယန်ကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှာ လုံဂျုံယန်–ဘန်ကောင်းမူး လမ်းအတိုင်း ဆက်လက် ချီတက်စဉ် KIA ဘက်က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ကားတစ်စီး ပျက်စီးပြီး ထိခိုက်သေဆုံးမှု များရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သည် မြစ်ကြီးနား ၊ ဗန်းမော် ကားလမ်းမနှစ်ခုစလုံးကနေ KIO ဌာနချူပ် လိုင်ဇာအနီး နမ်ဆန်ယန်ဘက်သို့ တပ်အင်အားဆက်တိုက် ပို့ဆောင်နေပြီး အဆက်မပြတ် ထိုးစစ်ဆင်နေတာကြောင့် ယင်းဒေသတလျှောက်သို့ စစ်ကြောင်းများ ချီတက်လာတိုင်း တိုက်ပွဲပုံမှန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

KNG ပေးပို့သည်။