ကချင်ပြည်၊ မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်၏ ဒုံးတပ်အပါ အမြှောက်တပ် တည်ရှိသည့် တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က တပြိုင်နက် ဝင်ရောက် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောဆိုသည်။
မတ်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်က ဒေါ့ဖုန်းယန်မြို့ မရောက်မီ ၁၀ မိုင် နီးပါးအကွာရှိ နွမ့်လန့်ကျေးရွာတွင် တည်ရှိသည့် စစ်ကောင်စီ ၄၃၈ တပ်ရင်း၊ ခလရ ၆၁၆ ဒုံးတပ်နှင့် နောင်ကွန်အမြှောက်တပ်စသည့် တပ်စခန်း အကြီး ၃ နေရာကို KIA တပ်က ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေကြောင်း နွမ်လန့်ဒေသခံများက ပြောသည်။
“နွမ်လန့်မှာ အခု ၁၁ နာရီအထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ ၂ ဘက်တပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်နေကြတယ်။ နောင်ကွန်မှာက ခဏလေးမှာတင် လေယာဉ်နဲ့ လာပစ်တာ ၂ ခါ ရှိသွားပြီ။ လေယာဉ်က ကင်းထောက်နဲ့ပစ်တာ။ ကုန်းလောစစ်တပ်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ” ဟု နွမ်လန့်ဒေသခံတစ်ဦးက ပြောပါသည်။
စစ်ကောင်စီတပ်ဘက်က တပ်စခန်း လက်မလွတ်ရအောင် မတ်လ ၂၁ ရက်နေ့ မနက်၉ နာရီ ဝန်းကျင် လောက်ကတည်းက တလှည့်စီ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်ဟု တိုက်ပွ ပြင်းထန် နေသည့်ဟု နွမ်လန့်နှင့် နောင်ကွန်ကျေးရွာတို့ရှိ ဒေသခံများက ပြောဆိုသည်။
ယင်းနေ့ (မတ် ၂၁ ရက်) နေ့လည် ၁ နာရီ ဝန်းကျင်အထိ တပ်စခန်း ၃ နေရာကို KIA က သိမ်းဆည်းနိုင်ခြင်း မရှိသေးကြောင်းနှင့် နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေသည့် အခြေအနေဖြစ်နေပြီး တိုက်ပွဲ အခြေအနေ အသေးစိတ်သိရှိရန် ခက်ခဲနေသည်ဟု သိရသည်။
နောင်ကွန်အမြှောက်တပ်နေရာသည် နွမ့်လန့်ကျေးရွာ၏ အနောက်ဘက်ခြမ်း ၅ မိုင် အကွာတွင်ရှိသည့် အမြှောက်တပ်တစ်ခုဖြစ်ပြီး ယင်းအမြှောက်တပ်နေရာကနေ ဒေါ့ဖုန်ယန်နှင့် နွမ်လန့်အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းနေရာများကို လုံခြုံရေးယူပေးနေသည့် တပ်စခန်းနေရာတစ်ခုလည်း ဖြစ်သည်။
ယင်းအပြင် နွမ်လန့်တပ်စခန်းသည်လည်း မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ ဒုံးတပ်ပါ တည်ရှိသည့် စစ်ကောင်စီတပ်စခန်းအကြီး တစ်ခုဖြစ်ပြီးတော့ စစ်ရေးအရအလွန်အရေးပါသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ပြောဆိုသည်။
ယင်းတပ်စခန်းများသည် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က KIA တပ်က သိမ်းပိုက်ထားသော ဒါဆိုင်း စစ်ကောင်စီ တပ်စခန်း အထက်ပိုင်းတွင်ရှိသည့် တပ်စခန်းများဖြစ်ကြောင်းနှင့် ဒေါ့ဖုန်းယန်နှင့် ဒါဆိုင်းကြားတွင် စစ်ကောင်စီ တပ်စခန်း ၅ ခု အထက် ကျန်ရှိနေသေးသည်ဟု ရှေ့တန်းသတင်းရင်းမြစ်များက ဆက်ပြောသည်။
KIA တပ်က ဒေါ့ဖုန်းယန်နှင့် ဒါဆိုင်းကျေးရွာကို သိမ်းပိုက်ထားပြီးနောက်ပိုင်း ထိုတကြော ကျန်ရှိနေသေးသည့် နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ စီဟတ်နှင့် နောင်ကွန် စသည့် တပ်စခန်းနေရာများကို ပြန်လည်သိမ်းပိုက်ရန် တစ်ဆက်တည်း တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များ၏ ပြောဆိုမှုအရ သိရသည်။
မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ်တွင် မတ်လ ၇ ရက်နေ့က စတင်ပြီး ဖြစ်ပွားလာသည့် တိုက်ပွဲများအတွင်း ဒေါ့ဖုန်းယန် အပါအဝင် KIA လိုင်ဇာ အနီးတဝိုက်ရှိ နှစ်ရှည်သက်တမ်းကြာ တပ်စွဲထားသည့် အရေးပါသော စစ်ကောင်စီတပ်စခန်းကြီး ၁၀ ခုကျော်နှင့် ရှေ့တန်းတပ်စခန်းအငယ် စုစုပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားပြီး ဖြစ်သည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါသည်။
မတ်လ ၇ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာနှင့် မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်၊ KIO လိုင်ဇာအနီးတဝိုက်၊ ဖားကန့်၊ ဆွမ်ပရာဘွမ့်၊ ဝိုင်းမော်ဒေသတို့တွင် နေ့တိုင်းလိုလို KIA က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ရက်ပေါင်း ၂၀ ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း သိရှိရသည်။
KNG ပေးပို့သည်။