ဒေါဆော်ဘီ စစ်ရှောင်စခန်းမှာ အရေးကြီးလူနာအတွက် ဆေးပေးခန်း လိုအပ်တယ်လို့ စစ်ဘေးရှောင်တွေပြော

By MPM 21 ဧပြီ, 2026 👁 1

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါဆော်ဘီစစ်ရှောင်စခန်းမှာ အရေးကြီးလူနာတွေအတွက် ဆေးပေးခန်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေက ကျန်းမာရေး နဲ့ ပက်သက်လာရင် တခြား နီးစပ်ရာ ကျေးရွာ၊ စစ်ရှောင်စခန်းတွေမှာ သွား ရောက်ပြသကြတယ်လို့ ပြောပါတယ်။ ပွင့်လင်းရာသီမှာ သွားလာရ လွယ်ကူပေမယ့် မိုးရာသီမှာ လမ်းခရီး မကောင်းတာတွေ၊ စစ်ရှောင်စခန်းတွင်း နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေ အများစုလည်း နာတာရှည်ရောဂါ ဖြစ်ပွားနေကြတာကြောင့် ဆေးပေးခန်း လိုအပ်တဲ့အကြောင်း စစ်ရှောင်ကော်မတီဝင်တဦးက ပြောပါတယ်။

“အရေးကြီးတယ်။ နေ့နေ့ညညကို လိုနေတာ။ အများအားဖြင့်ဆို သွေးတိုး သမားတွေ များတယ်။ စစ်ရှောင်တွေပဲ ဖြစ်ဖြစ် ရွာခံတွေပဲ ဖြစ်ဖြစ်။ အသက်ကြီးပိုင်းတွေဆို စမ်းကြည့်လိုက်ပြီဆိုရင် သွေးတိုးပဲ။ သွေးတိုးတက်လို့ ဗုန်းခနဲ ဖြစ်ရင် ဘာမှမတတ်နိုင်တော့ဘူး။ အဲ့ဒါကြောင့် ဆေးခန်းက အရမ်းအရေးကြီတယ်။ မွေးကင်းစ ကလေးငယ်တွေ အတွက်လည်း လိုအပ်တယ်။ သူတို့လည်း မွေးပြီ ကလေး တခုခု ဖြစ်ပြီဆိုရင် ဆေးခန်းထိ ပြေးရ။ နွေရာသီဆို ဆင်ပြေတယ်။ မိုးရာသီဆိုရင် သွားလာရ အဆင်မပြေဘူး။ ခက်ခဲတယ်။ ဒီမှာ ဆေးခန်း တခုရှိနိုင်ရင်တော့ ပြည်သူတွေ အတွက် အဆင်ပြေမယ်” လို့ သူက ပြောပါတယ်။

စစ်ရှောင်စခန်းတွင်းမှာတော့ ကျန်းမာရေးပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းတဲ့ ဆရာမတချို့ ရှိနေကြပေမယ့်လည်း ဆေးဝါးမရှိတာကြောင့် စစ်ရှောင်တွေ လိုအပ်တဲ့ ဆေးကို မပေးနိုင်ဘူးလို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ လူဦးရေ ၅၀၀ ကျော် စုပေါင်းနေထိုင်ကြပြီး ဆေးခန်းမရှိတာကြောင့် မွေးကင်းစကလေးအပါဝင် ၄ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဒေါဆော်ဘီစစ်ရှောင်စခန်း တည်ရှိတာ ၅ နှစ်ကျော်ရှိနေပြီး ကာလကြာမြှင့်လာတာနဲ့အမျှ အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှု နည်းပါးလာတာကြောင့် တနိုင်တပိုင် တောင်ယာစပါးစိုက်ပျိုးရေးကို လုပ်ကိုင်နေကြတယ်လို့လည်း သိရပါတယ်။

ကန္တာရဝတီတိုင်း(မ်)