ကော်သူးလေနယ်မြေဒေသအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာကဏ္ဍများ၌ အမျိုးသမီးများ၏ ပိုမိုပါဝင်မှုနှင့် ဦးဆောင်မှုများကို အလေးထားဆောင်ရွက်ရန် ခရိုင်အဆင့် ကော်သူးလေအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲအပြီး ဖေဖော်ဝါရီလ ၆ ရက် ယနေ့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
“အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အများကြီးပဲ။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးမှာလည်း သူတို့ရင်ဆိုင်နေရတဲ့ ခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာမှာ အမျိုးသမီးပါဝင်မှု နည်းနေတာကိုတွေ့ရလို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက် ပြောရေးဆိုခွင့်ရှိသူ နော်ထူးထူးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အမျိုးသမီးများအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအစီအမံများကို ကော်သူးလေနယ်မြေဒေသအ တွင်းရှိ ကဏ္ဍအသီးသီးတွင် အကောင်အထည်ဖော်ရန်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကျား/မရေးရာ မူဝါဒကို အမြန်ဆုံးပြဌာန်းကာ အများပြည်သူ သိရှိရေးလုပ်ဆောင်ပေးရန်၊ ကေအဲန်ယူရေးဆွဲနေသည့် ကော်သူးလေ ပဋိညာဉ်မူကြမ်းကို အများပြည်သူထံ အသိပေးကာ တုံ့ပြန်အကြံပြုချက်များရယူပြီး မွမ်းမံပြင်ဆင် အတည်ပြုဆောင် ရွက်ရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
တစ်ဆက်တည်းတွင် ဒေသအတွင်းရှိ သဘာ၀အရင်းအမြစ် စီမံခန့်ခွဲမှုများကို ဖော်ဆောင်ရွက်ရာ၌ အမျိုးသမီးများ၏ ပိုမိုပါဝင်မှုနှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိမှုကို ထည့်သွင်းရန်၊ တရုတ်အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများ၊ ၎င်းတို့နှင့် ဆက်စပ်သောဒုစရိုက်လုပ်ငန်းများကို ကော်သူးလေဒေသအတွင်းမှ လုံးဝ ကင်းစင်ပပျောက်ရေး ဆောင်ရွက်ရန်၊ အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲရလဒ်ကို ဒေသတွင်းနှင့် နိုင်ငံတကာအနေဖြင့် အသိအမှတ် မပြုရန်လည်း ထည့်သွင်းတောင်းဆိုထားသည်။
နှစ်ရက်တာ တွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိနိုင်ငံရေးပြဿနာနှင့် အခြေအနေများကို ဆွေးနွေးခြင်း၊ အုပ်ချုပ်ရေးတွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် နိုင်ငံရေးတွင် ပါဝင်မှုများ၊ ကော်သူးလေတရားရေးစနစ်ဆိုင်ရာများနှင့် ကော်သူး လေပဋိညာဉ် အကောင်အထည်ဖော်ရေးဆွဲရာတွင် လူမျိုးစုကိုယ်စားလှယ် ပါဝင်မှုများ၊ သဘာ၀အရင်းအမြစ် စီမံခန့်ခွဲ မှု၊ အွန်လိုင်းငွေလိမ်လည်မှုကြောင့် ကော်သူးလေဒေသရှိ အမျိုးသမီးများအပေါ် သက်ရောက်မှု၊ စုံလင်ကွဲပြားသော အမျိုးသမီးများစုစည်းမှု အရေးပါပုံနှင့် အမျိုးသမီးများ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရန် ဆောင်ရွက်မှုများကို တင်ပြ ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ထို့အပြင် ခရိုင်အတွင်းရှိ အမျိုးသမီးများအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် အနာဂတ်လုပ်ဆောင်မှု အစီအစဉ်များကို တက်ရောက်လာသည့် အမျိုးသမီးကိုယ်စားလှယ်များက ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောလစ္စတန်က “နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ အရေးအရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကိုလည်း သိမြင်လာမှာဖြစ်သလို ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်တွေမှာလည်း အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ အထောက်အကူဖြစ်စေမှာပေါ့။ နောင်လာမဲ့အချိန်တွေမှာလည်း ဆက်လက်ပြီး လုပ်ဆောင်သွားကြဖို့ကို တိုက်တွန်းလိုပါတယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ထို့အပြင် လာမည့် (၁၈) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် ၎င်းတို့၏ ဌာနဆိုင်ရာများ၊ ခရိုင် မြို့နယ် အုပ်ချုပ်မှုအဆင့်ဆင့်တွင် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်မှုကို မြှင့်တင်နိုင်ရေး၊ ကေအဲန်ယူ၏ ကျား/မရေးရာ မူဝါဒ၊ အုပ်ချုပ် မှုနှင့် အသွင်ကူးပြောင်းရေးအတွက် အကြံပြုချက်များကို အဓိက ဆွေးနွေးတင်ပြခဲ့ကြသည်။
အလားတူ ခရိုင်ဒေသအခြေပြုအနေဖြင့် ပဋိပက္ခဒေသများရှိ အမျိုးသမီးများအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အကာအကွယ်ရရှိရေး၊ သဘာ၀အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ ပါဝင်ဦးဆောင် မှုနှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိမှုတို့ကိုလည်း အဖွဲ့လိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။
နော်ထူးထူးက “လာမယ့် (၁၈) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်မှာ အမျိုးသမီးကိုယ်စားလှယ် ပါဝင်မှု ၃၀ ရာခိုင်နှုန်း ပြည့်ဖို့ မျှော်မှန်းတယ်။ ဒါကြောင့်မို့ ဒီမတိုင်ခင်မှာ ဒီမူဝါဒ မူဘောင်တွေကို သင့်တော်တဲ့အချိန်မှာ ချပြဖို့ တောင်းဆိုရတာပဲဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောဆိုသည်။
ဒူးပလာယာခရိုင်အဆင့် ကော်သူးလေအမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၃ ရက်မှ ၄ ရက်နေ့အထိ ကေအဲန်ယူနယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တစ်နေရာ၌ ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ကော်သူးလေအမျိုးသမီးများကွန်ရက် (KWN) တို့က ပူးပေါင်းကာ ရည်ရွယ်ချက် ၅ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကေအဲန်ယူ ဗဟိုနှင့် ခရိုင် ခေါင်းဆောင်များ၊ မြို့နယ်အသီးသီးမှ ကရင်အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသအတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ CDM အမျိုးသမီးများ စုစုပေါင်းကိုယ်စားလှယ် ၁၁၂ ဦး ပါဝင်တက်ရောက်ခဲ့ ကြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလက ဖားအံခရိုင် နယ်စပ်တစ်နေရာ၌ ကျင်းပြုလုပ်ခဲ့သည့် ကရင်အမျိုးသမီးများနှီးနှော ဖလှယ်ပွဲအပြီးတွင် အစုအဖွဲ့အသီးသီးပါဝင်သော ကော်သူးလေအမျိုးသမီးများကွန်ရက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် ခရိုင်အဆင့် ကော်သူးလေအမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲကို ယခု ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။
ကေအိုင်စီ