ဒီပဲယင်း၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီဗုံးကြဲလို့ ကျောင်းသူ/ကျောင်းသား ဆယ်ချီသေဆုံး

By MPM 13 မေ, 2025 👁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ အလယ်တန်းစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာမ ၂ ဦးနှင့် ကျောင်းသူ/ကျောင်းသားစုစုပေါင်း အယောက် ၂၀ ကျော် သေဆုံးခဲ့ကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

မေလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်ထားသော ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက “ဒီမနက်မှာ လေယာဉ်နဲ့လာကြဲသွားတာ ဟုတ်ပါတယ်ဗျာ။ မနက်ကတော့ ကလေးက ၁၃ ယောက်၊ ဆရာမက ၂ ယောက်ပေါ့ဗျာ။ အခု နောက်ဆုံးစာရင်းရတာက ကလေး က အယောက် ၂၀ ရှိသွားပြီ။ ဆရာမကတော့ ၂ ယောက် အားလုံးပေါင်း ၂၂ ယောက်ပါဗျာ” ဟု ပြောသည်။

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းအား လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရ သူ အယောက် ၄၀ ကျော်ရှိသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အိုးထိန်းတွင်းကျေးရွာ အနီးဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းကိုပစ်မှတ်ထားကာ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသူကျောင်းသားများနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

ထိခိုက်ဒဏ်ရာရထားသော ကျောင်းသူကျောင်းသားများကို လုံခြုံစိတ်ချရသည့်နေရာများသို့ ရွှေ့ပြောင်းကာ အရေးပေါ်ဆေးကုသမှု ပေးနေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူများက ဆိုသည်။

ထိခိုက်ဒဏ်ရာရထားသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသည့်သူ အတော်များတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်ဖွယ် ရှိသည်ဟု ၎င်းတို့က ပြောဆိုကြသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “အသက်အရွယ်လေးတွေက ၈ နှစ်ကနေ ၁၇ ကြားပေါ့၊ အဲ့ဒီအရွယ် ကလေးတွေပါတယ်။ အကြီးဆုံး ၁၇ နှစ်ဖြစ်မယ်။ နောက်ပြီး ဆရာမလေးနှစ်ယောက်ကလည်း စေတနာ့ဝန်ထမ်းလို့ပြောရမယ်၊ လုပ်အားပေးဆရာမလေးတွေပါ။ တော်တော်ဆိုးတယ်ဗျာ။ ကျနော်တို့ ပဇီကြီးတို့၊ လက်ယက်ကုန်းတို့၊ နောက်ပြီး အနမ့်ပါတို့ပြီးရင် ဒါက အဆိုးဆုံးဖြစ်ရပ်လို့ ပြောလို့ရတယ်” ဟု ဆိုသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုလေကြောင်းတိုက်ခိုက်မှုသည် လေယာဉ်ဖြင့် စာသင်ကျောင်းပေါ် တည့်တည့်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုဖော်ပြထားသည်။

ဒီပဲယင်းမြို့ အနောက်တောင်ဘက်တွင်ရှိသည့် အိုးထိန်းတွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရချိန်တွင် အဆိုပါ စာသင်ကျောင်း၌ စာမေးပွဲဖြေဆိုနေသူ ကျောင်းသူကျောင်းသား ၂၈၉ ဦး ရှိနေသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ပြောပါသည်။

သေဆုံးသူ ဆရာမနှစ်ဦးနှင့် ကျောင်းသူကျောင်းသားများ၏ အမည်နှင့် အတန်းစာရင်းကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထားသည်။

ယခုလေကြောင်းတိုက်ခိုက်ခံရမှုသည် ဒီပဲယင်းမြို့နယ်အတွင်း ဒုတိယအကြိမ်မြောက် လူသေဆုံးမှုအများဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သား ၁၃ ဦးအထိ သေဆုံးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးလေကြောင်းဗုံးကြဲခံရမှု၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ကချင်ပြည်နယ် ဖားကန့်ဒေသ အနန့်ပါဗုံးကြဲတိုက်ခိုက်ခံရမှုပြီးလျှင် ယခု အိုးထိန်းတွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အဆိုးရွားဆုံးဖြစ်သည်ဟု ​ဒေသခံများက ပြောဆိုသည်။

NMG ပေးပို့သည်။