ဒရုန်းများဖြင့် တိုက်ခိုက်ခံရတဲ့ကြားက ချင်းပြည်နယ် လွှတ်တော်ဥက္ကဌအား ရွေးချယ်

By MPM 22 မတ်, 2026 👁 1

ချင်းဒေသတော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်သည့်ကြားမှ မတ်လ ၂၀ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်လွှတ်တော်အဆောက်အဦးမှာ တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော်အစည်းအဝေး စတင်ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ Pu Kawl Lian Thang ကို ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ခဲ့ကြောင်း ဟားခါးမြို့နေ ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရပါတယ်။

Pu Kawl Lian Thang ဟာ ပလက်ဝမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) မှ အချိုးကျကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံရသူဖြစ်ပြီး လက်ရှိ စစ်ကောင်စီရဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့မှာ သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ခရိုင်ပညာရေးမှူး အငြိမ်းစားတဦးဖြစ်တယ်လို့လည်း ဝန်ထမ်းသိုင်းအဝိုင်းမှာ သိရှိရပါတယ်။

ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် USDP ပါတီကနေ မတူပီမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) မှ အချိုးကျ ကိုယ်စားပြု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရတဲ့ ဦးသန့်စင်ဦးကို ရွေးချယ်တင်မြှောက်ခဲ့တယ်လို့လည်း ဆက်လက်သိရှိခဲ့ရပါတယ်။

ပြည်နယ်လွှတ်တော် အစည်းအဝေးပြုလုပ်နေစဉ် မနက် ၁၀ နာရီခန့်ကစပြီး ချင်းဒေသ တော်လှန်ရေးတပ်ဖွဲ့တွေက လွှတ်တော်အဆောက်အဦးနှင့် ပတ်ဝန်းကျင်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့တယ်လို့လည်း ဟားခါးမြို့နေ ဝန်ထမ်းများမှ ဆက်လက်သိရှိရပါတယ်။

“မနက် ၁၀ နာရီ လောက်ကနေစပြီး ဒရုန်းနဲ့ ပြည်နယ်လွှတ်တော် အဆောက်အဦးကို တိုက်ခိုက်လာကြတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခါခါ ပစ်ချရတယ်။ ညနေ ၄ နာရီအထိ လွှတ်တော် အဆောက်အဦးဝန်းကျင်ကနေ သေနတ်သံတွေ ကြားနေရတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်တာကြောင့် လမ်းမကြီးပေါ်မှာလည်း ဒရုန်းတစင်း ပျက်ကျပေါက်ကွဲခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ တခြားလူတွေပါ ထိခိုက်တာမျိုးတော့ မရှိဘူး” လို့ အဆိုပါဝန်ထမ်းမှ ပြောကြားခဲ့ပါတယ်။

ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ အဆက်ဆက်နဲ့ပတ်သက်ပြီး အဆိုပါဝန်ထမ်းကတော့ “ပထမအကြိမ် လွှတ်တော်ကနေ တတိယကြိမ် လွှတ်တော်အထိ ချင်းပြည်နယ် လွှတ်တော်ဥက္ကဌတွေက ပညာရေးဝန်ထမ်း အငြိမ်းစားတွေဖြစ်နေတာကတော့ ထူးခြားတယ်။ ပထမအကြိမ် ပြည်နယ်လွှတ်တော် ဥက္ကဌ Pu Hau Khen Kham က မြို့နယ်ပညာရေးမှူး အငြိမ်းစားဖြစ်တယ်။ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် ဥက္ကဌ Pu Zo Bawi က အလယ်တန်းပြ ကျောင်းဆရာ အငြိမ်းစားဖြစ်တယ်။ အခု တတိယအကြိမ်ကျတော့လည်း ဥက္ကဌက ခရိုင်ပညာရေးမှူး အငြိမ်းစားတဦးဖြစ်ပြန်ခဲ့တယ်” လို့ Chin World Media ကို ပြောကြားခဲ့ပါတယ်။

Chin World