ထိုင်းနိုင်ငံအတွင်းရှိ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသူ ဒုက္ခသည်များအတွက် ဥရောပသမဂ္ဂ (EU) က ပေးအပ်နေသည့် အကူအညီများအနက် ရံပုံငွေ ယူရို ၁၅ သန်း (ခန့်မှန်းခြေ ဘတ် ၅၇၀ သန်း) အထိ ထပ်မံတိုးမြှင့်ထောက်ပံ့လိုက်ကြောင်း သိရသည်။
အဆိုပါ ရံပုံငွေထောက်ပံ့မည့် စီမံကိန်းအတွက် ဧပြီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသံ အမတ်ကြီး မစ္စလူဝီစာရာဂါသည် ထိုင်းအစိုးရကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) နှင့် Expertise France တို့ ရှေ့မှောက်တွင် လက်မှတ်ရေး ထိုးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ ဝက်ဘ်ဆိုက်ထုတ်ပြန်ချက်အရ သိရသည်။
ယခုထောက်ပံ့မှုတွင် ထိုင်းနိုင်ငံရောက် နေရပ်စွန့်ခွာသူများထဲမှ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်နှင့် မသန်စွမ်းသူများကဲ့သို့ ထိခိုက်လွယ်သူများကို ဦးစားပေးကာ ကျန်းမာရေး၊ ကာကွယ်စောင့်ရှောက်မှုနှင့် အခြားလူမှုဝန်ဆောင်မှုများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
ထိုထောက်ပံ့မှုတွင် စီမံကိန်း (၃) ခု ပါဝင်ပြီး ဒုက္ခသည်စခန်းနေ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ယူရို ၁၀.၅ သန်း၊ ကလေးသူငယ်စောင့်ရှောက်ရေးကဏ္ဍအတွက် ယူရို ၂.၅ သန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ယူရို ၂ သန်း အသီးသီးခွဲဝေအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် IRC၊ Save the Children၊ COEER၊ Malteser International၊ ADRA၊ Humanity and Inclusion နှင့် UNHCR စသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
ထို့အပြင် ကျန်းမာရေးကဏ္ဍတွင် Expertise France က ဦးဆောင်ပြီး Borderland Health Foundation၊ Dreamlopments၊ မယ်တော်ဆေးခန်း (Mae Tao Clinic) နှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီခိုလှုံရာဒုက္ခသည်စခန်း (၉) ခုတွင် မြန်မာဒုက္ခသည် ၈၀,၀၀၀ ကျော် နှစ်ရှည်ကြာ ခိုလှုံနေရဆဲဖြစ်သည်။
၎င်းဒုက္ခသည်များအနေဖြင့် စခန်းပြင်ပတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ထိုင်းအစိုးရ၏မူဝါဒများနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း EU က ဆိုသည်။
ကေအိုင်စီ