လုံခြုံရေးတင်းကြပ်ထားသည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထပ်မံတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်နေသည့် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ချိန် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ် နီးပါးကြာ ဖြစ်ပွားပြီးနောက် တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ဘက်က ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံများ၏ ပြောပြချက်အရ အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်က အိမ်ရှေ့ပြင်ရပ်ကွက်အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ထိခိုက်မှု ရှိမရှိကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် မေ ၁၃ ရက်နေ့က အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သံလွင်တိုင်းမ် ပေးပို့သည်။