တိုက်ပွဲငြိမ်သက်နေသည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်း တာဝန်ခံ ဗိုလ်ယက္ခက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက စပြီး ထားဝယ်အရှေ့တော ဒေသထဲကို ရွာစဉ်လှည့်ပြီး စစ်ကြောင်း ထိုးနေခြင်းကြောင့် သင်္ကန်းတုန်း၊ ဘဝပင်၊ လိပ်ကြယ်ပြောင် ကျေးရွာများမှ ဒေသခံ ၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ၎င်းတို့ထံမှ သိရသည်။
သြဂုတ် ၁၆ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် တပ်အင်အား ၈၀ နီးပါး ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းသည် သင်္ကန်းတုန်း ကျေးရွာထဲသို့ ဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ထားဝယ်စုပေါင်းစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
အချိန် ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိသော်လည်း အရေအတွက် အတိအကျကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီ စစ်ကြောင်းသည် လိပ်ကြယ်ပြောင်ကျေးရွာ ဘုန်းကြီးကျောင်းထဲ ဝင်ရောက် သွားပြီး သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းမှာ ပခန်းကျေးရွာဘက်ကို ဆက်လက်ထွက်ခွာသွားကြောင်း ထားဝယ် စုပေါင်းစစ်ကြောင်းထံက သိရသည်။
တနင်္သာရီတိုင်းထဲတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များကြား နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံပြည် သူလူထု ၃၆,၀၀၀ ကျော် မှာ ဘေးလွတ်ရာ နေရာများသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။