စစ်ကောင်စီက ဖမ်းဆီးထားသည့် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ဖခင် အသက် ၆၅ နှစ် အရွယ်ရှိ ဦးအောင်ဖေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာရှိ ဦးအောင်ဖေကို၏ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေရာ ကျောင်းသားသမဂ္ဂ လက်ပတ်နှင့် သပိတ်အင်္ကျီ တွေ့သည်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရချိန်မှ နှစ်လနီးပါး ကြာသည့်အထိ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးခဲ့ဘဲ ယခုသြဂုတ်လ ၁၂ ရက်နေ့မှသာ မိသားစုဝင်များနှင့် တွေ့ခွင့်ပေးခဲ့ကြောင်း ကိုမင်းလွင်ဦးက ပြောသည်။
Òသူတို့က တရားစွဲတဲ့အချိန် တွေ့ခွင့်ပေးမယ် ပြောထားတာရှိတော့ (သြဂုတ်လ ၁၂ ရက်နေ့) က တရားစွဲတာ ဖြစ်နိုင်ပါတယ်Ó လို့ ကိုမင်းလွင်ဦးက ပြောဆိုသည်။
ကိုမင်းလွင်ဦးက ၎င်း၏ ဖခင်ကို မဆိုင်သည့် အကြောင်းပြချက်ဖြင့် စွပ်စွဲပြီး မတရားပုဒ်မတပ်၍ တရားစွဲလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးမှာ လက်ရှိချိန်တွင် လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
“ကျနော်က အသက်မပြည့်သေးတဲ့ ကလေးလည်း မဟုတ်ဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နေတဲ့နေတာ မိဘနဲ့ ဘာမှ မဆိုင်ဘူး။ သားသမီးမရရင် မိဘကို ရန်ရှာတာကတော့ သူတို့ (စစ်ကောင်စီ) လုပ်နေကျပေါ့။ ကိုယ့်ကြောင့် ကိုယ့်အဖေက ခံရတာဆိုတော့ စိတ်တော့မကောင်းဘူး ဟု ကိုမင်းလွင်ဦးက ပြောသည်။
လက်ရှိတွင် ကိုမင်လွင်ဦး၏ဖခင် ဦးအောင်ဖေကို လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကလည်း ကိုမင်းလွင်ဦး၏ မိခင်ကို စစ်ကောင်စီတပ်တို့က နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတို့ဖြင့် ဖမ်းဝရမ်း ထုတ်ထားသည်။
IMNA ပေးပို့သည်။