ချင်းပြည်၊ တွန်းဇန်မြို့အနီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခိုင်းထားသည့် တွီးတူမ်း (TuiTum) ရွာသူ၊ ရွာသားများကို ၎င်းတို့ရပ်ရွာတွင် ပြန်လည်နေထိုင်ခွင့်ပြုလိုက်ဖြစ်ကြောင်း တွန်းဇန်မြို့နယ်ကောင်စီဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။
ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) က တွန်းဇံမြို့ကို ထပ်မံလာရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မေလ ၈ ရက် နောက်ဆုံးထား၍ တွီးတူမ်း ရွာသူ၊ ရွာသားများအား စစ်ဘေးရှောင်ပေးရန် CDF – တွန်းဇန်မှ အမိန့်ထုတ်မှုနှင့်ပတ်သက်၍ တွန်းဇန်ကောင်စီဥက္ကဌက ယခုလိုပြောဆိုခြင်းဖြစ်သည်။
“မနေ့ကညကဆိုရင် တွီးတူမ်းရွာအောက်ဘက်မှာ ZRA က အဲဒီနားတဝိုက် ရောက်လာပြီလို့ကြားတယ်။ ZRA က ခြောင်းမြောင်းပစ်နေသ၍ တွန်းဇံမြို့ကို လာတိုက်နေသ၍ သူတို့အတွက် ခက်ခဲဦးမယ်ထင်တယ်။ ဒါပေမယ့် ဒီမှာ စစ်ကြောင်းမှူးနဲ့ တိုင်ပင်ပြီးတော့ ပြည်သူတွေ ပြန်လည်နေထိုင်ချင်ရင် နေထိုင်ခွင့်ပေးလိုက်ရအောင်ဆိုပြီးတော့ စီစဉ်ထားတာရှိပါတယ်” ဟု ပူးထန်ဆွင်းမုန်က ပြောသည်။
ဆက်လက်ပြီး တွန်းဇန်မြို့နယ်ကောင်စီဥက္ကဌ ပူးထန်ဆွင်းမုန်က “ ကျနော်ကတော့ ခင်ဗျာတို့ ZRA လာတာနဲ့ ချက်ချင်းအကြောင်းကြား၊ ချက်ချင်း စစ်ဘေးရှောင်ပေးကြ၊ ZRA မလာခင်လေးမှာ ပြန်နေကြပါလို့ ကျနော်ကိုယ်တိုင် တွီးတူမ်းရွာသားတွေကို ပြောထားတာရှိတယ်” ဆက်ပြောသည်။
အိမ်ခြေ ၆၀ ကျော်ရှိသည့် တွီးတူမ်းရွာမှ ဒေသခံရွာသူရွာသားများသည် တွန်းဇန်မြို့ပေါ်နှင့် အနီးအနားရှိကျေးရွာမှ အသိဆွေမျိုးများအိမ်တွင် စစ်ဘေးရှောင်နေကြသည်ဟု သိရသည်။
လတ်တလောတွင်လည်း ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) သည် တွန်းဇန်မြို့ကို သိမ်းပိုက်နိုင်ရေး ရည်မှန်းချက်ဖြင့် ထပ်မံတိုက်ခိုက်ရန် ပြန်လည်ဝင်ရောက်လာပြီဟု သတင်းများရရှိထားကြောင်း၊ တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်နိုင်သည့်အခြေအနေ ရှိနေသောကြောင့် စစ်ရေးပြင်ဆင်ထားရသည်ဟု ပူးထန်ဆွင်းမုန်က ဆက်ပြောဆိုသည်။
ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) သည် တွန်းဇန်မြို့ကို သိမ်းနိုင်ရေးအတွက် ဧပြီလက နှစ်ကြိမ် လာရောက်တိုက်ခိုက်ရာ၌ တွီးတူမ်းရွာဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ပြီး ချင်းပူးပေါင်းတပ်မှ တန်ပြန်တိုက်ခိုက်ရာအတွင်း ရပ်ရွာနှင့်ရွာသူရွာသား ထိခိုက်ပျက်စီးနိုင်မှုကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
“တွီးတူမ်းရွာကို အမှီအခိုပြုပြီးတော့ ZRA တွေက လာတိုက်ကြတယ်။ အဲဒါကြောင့် ၂ ခါစလုံး ကျနော်တို့က သေနတ်နဲ့ လှမ်းပစ်မယ်ဆိုပြန်တော့လည်း ပြည်သူတွေ ထိမှာစိုးလို့ မပစ်ရဘူး။ ဒရုန်းတို့ လက်နက်ကြီးတို့နဲ့လည်း ဗုံးကြဲမယ်ဆိုရင်လည်း ပြည်သူတွေ ထိမှာစိုးလို့ မလှုပ်ရဲဘူး။ အဲဒါကြောင့် ZRA က တွန်းဇန်ကို လာတိုက်မယ်ဆိုပြီး ခဏ၊ ခဏ ပြောလာတဲ့အခါမှာ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့က ဒီတခါမှာတော့ သူတို့မလာခင်မှာ တွီးတူမ်းရွာသားတွေကို တွန်းဇန်မှာ ခဏစစ်ရှောင်ခိုင်းမယ်ဆိုပြီးမှ တွီးတူမ်း ရပ်ကွက်ကောင်စီဥက္ကဌကို ပြောပြီးတော့ ရွေ့ခိုင်းတာဖြစ်တယ်” ဟု ပူးထန်ဆွင်းမုန်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလတွင် ချင်းပူးပေါင်းတပ်က တွန်းဇန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ရာမှာ တွီးတူမ်းရွာဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တွီးတူမ်းရွာသည် စစ်ဆင်ရေးဖော်ဆောင်ရာမှာ အရေးပါနေသည်ဟု သိရသည်။
တွီးတူမ်းရွာသူရွာသားများကို ခဏရှောင်ခိုင်းရခြင်းနှင့်ပတ်သက်၍ ပြည်သူထိခိုက်မှုမရှိစေရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး အထင်မလွှဲမှားရန် မေတ္တာရပ်ခံလိုသည်ဟု ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။
ချင်းတော်လှန်ရေးပူးပေါင်းတပ်က တွန်းဇန်မြို့ကို သိမ်းပိုက်ပြီးနောက် မြို့အနီးရှိသည့် တွီးတူမ်းရွာကို မြို့၏ ရပ်ကွက် ၆ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
KMG ပေးပို့သည်။