ရခိုင်ပြည်၊ တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများတွင် စစ်သင်တန်းဆင်း မွတ်ဆလင်ဦးရေ ရာနှင့်ချီကို အင်အားဖြည့်ထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များထံမှ သိရသည်။
တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်မ စကခ (၅)၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) တို့ ရှိနေပြီး ယင်းတပ်ရင်းများ ထဲတွင် ဇွန်လအစောပိုင်းမှစ၍ စစ်သင်တန်းဆင်း မွတ်ဆလင်များကို မြင်နေရကြောင်း မြို့ခံများက ပြောသည်။
“တောင်ကုတ်က စစ်တပ်ထဲမှာပဲ မွတ်ဆလင်စစ်သားတွေကို ကားနဲ့ အတင်အချ လုပ်တာတွေကို တွေ့ခဲ့ကြတာ။ စစ်ကောင်စီက ဘာတွေထပ်ယုတ်မာဦးမလဲဆိုတာကို ကြောက်လို့ ဒေသခံတွေ ရှောင်ပြေးသွားကြတာ ရှိတယ်။ AA တိုက်လာရင် မွတ်ဆလင်တွေ ထည့်သုံးပြီး ခုခံမယ့်ပုံပဲ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုသို့ အင်အားဖြည့်တင်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်အပါဝင်၊ စစ်ကောင်စီတပ်ရင်းအနီးနားရှိ ရန်ခေါ်၊ ဖုံညို၊ တရဂူ စသည့် ကျေးရွာများနှင့် တန်းလွဲရွာမ မြို့အနီးနားကျေးရွာများမှ ဒေသခံအများအပြားသည် တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းက တောင်ကုတ်မြို့နယ်အတွင်း တိုက်ပွဲမဖြစ်ဘဲ မြို့ပေါ်တပ်စခန်းများနှင့် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အနီး နေဗီ (Navy) ကနေ တောင်ကုတ်မြို့ ကျေးရွာအချို့အား လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ပိုစိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့ကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ခရီးများ ပိတ်ဆို့ထားလို့ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးရာတွင် အခက်အခဲလည်း ရှိနေသည်ဟု ဆိုကြသည်။
“တောင်ကုတ်ကိုလည်း စစ်ကောင်စီက အဝင်အထွက် ပိတ်ထားတယ်။ ဒါပေမယ့် ဒေသခံတချို့က ခပ်စိပ်စိပ် ထွက်ပြေးနေကြတာ ရှိတယ်။ တိုက်ပွဲတွေဖြစ်ရင် မောင်တော၊ ဘူသီးတောင်တို့မှာလို မွတ်ဆလင်တွေလည်း ပါလာမှာကို စိုးရိမ်နေရတယ်” ဟု တောင်ကုတ်ဒေသခံ နောက်တစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီသည် ရခိုင်ပြည်ရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များအား အတင်းအဓမ္မ စစ်သင်တန်းပေးလျက်ရှိသည်။
ထို့အတူ RSO၊ ARSA၊ ARA စသည့် အဖွဲ့များကလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ လူငယ်များအား စစ်ကောင်စီထံ စစ်သားရောင်းချမှုများလည်း ရှိနေသည်။
အဆိုပါ မွတ်ဆလင်များကို စစ်ကောင်စီက ရက်တိုစစ်သင်တန်းပေးပြီးနောက် ရခိုင်စစ်ပွဲအတွင်း အသုံးပြုနေကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက မုတ်နှင့် ဘာယေ ကျေးရွာအကြားတွင် စစ်ကောင်စီယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်၍ ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ကြပြီးနောက် တိုက်ပွဲများ ရပ်တန့်နေဆဲဖြစ်သည်။
အောင်ထိန် (DMG) ပေးပို့သည်။