တရုတ်ရဲ့သတိပေးမှုကြောင့် “ဝ” ဒေသမှာ ခရစ်ယာန်ဘုရားကျောင်းတချို့ ယာယီပိတ်ပင်ကြောင်း UWSA ဖြေရှင်း

By MPM 17 ဩဂုတ်, 2026 👁 102

တရုတ်နိုင်ငံရဲ့သတိပေးမှုနဲ့ မှားယွင်းသည့် သွန်သင်မှုမျိုးရှိလို့ “ဝ” ဒေသမှာ ခရစ်ယာန်ဘုရားကျောင်းတချို့ကို ယာယီပိတ်ပင်တာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ “ဝ” ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် – UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ဖြေရှင်းထားပါတယ်။

UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ခုရက်ပိုင်း၌မိမိတို့ “ဝ” ပြည်နယ်အတွင်း ခရစ္စယာန်ဘုရားကျောင်းအချို့ ယာယီပိတ်သိမ်းမှုနှင့်ပါတ်သက်ပြီး မီဒီယာမိတ်ဆွေများ အတော်စိတ်ဝင်စား ဖုန်းဆက် message ပို့ မေးလာမှုနှင့်ပါတ်သက်ပြီး –

“(၁) မိမိတို့ “ဝ” ပြည်နယ်အတွင်း၌ စည်းကမ်းရှိသည့် ဘာသာရေးလွပ်လပ်ခွင့် ဥပဒေပြု ပြဌာန်းထားရှိပါသည်။

(၂) တဖက်နိုင်ငံ၏သတိပေးလာမှုနှင့် “ဝ” ပြည်၌ အစွန်းရောက်သည့် ဘာသာရေးစည်းရုံးလှုံ့ဆော်သူအချို့ စိပ့်ဝင်နေကြောင်း၊ ဖျားနာလျှင် ဆေးသောက်/ အလုပ်လုပ်စရာမလို ဘုရားမှကောင်းစေမည်ဆိုပြီး မှားယွင်းသည့် သွန်သင်မှုမျိုးရှိလို့ ခရစ်ယာန်ဘုရားကျောင်းတချို့ကို ယာယီပိတ်ပင်တာဖြစ်။

(၃) “ဝ” ပြည်ပြင်ပမှ တရားမဝင် ဝင်ရောက်ပြီး ဟောပြောစည်းရုံးခြင်း ခွင့်မပြုထားခြင်း။

(၄) ဘုရားကျောင်းအချို့ ယာယီပိတ်သိမ်းထားမှု မှန်ကန်ပြီး အစွန်းရောက်သည့် ဘာသာရေးနှင့် ကင်းရှင်းမှုရှိမည်ဆိုပါက ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း သိရပါသည်” လို့ ရေးသားထားပါတယ်။

မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ “ဝ” ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် – UWSA ထိန်းချုပ်ထားတဲ့နယ်မြေ ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသက ခရစ်ယာန်ဘုရားကျောင်း အားလုံးနီးပါးကို “ဝ” တပ်က ယာယီပိတ်သိမ်းလိုက်တယ်လို့ “ဝ” နယ်သတင်းတွေ အဓိကဖော်ပြတဲ့ Wa News Land မှာ ဖော်ပြထားပါတယ်။

လတ်တလော နာမည်ကြီးနေတဲ့ ခရစ်ယာန်အမည်ခံ တရုတ်ဂိုဏ်း ဒေသအခေါ် “ယေရှု့တရုတ်မ” အဖွဲ့တွေ ဝင်ရောက်လာတဲ့သတင်းကြောင့် ဘုရားကျောင်းတွေ ယာယီပိတ်သိမ်းလိုက်တာဖြစ်ပြီး အဲ့ဒီဂိုဏ်းအဖွဲ့နဲ့ ပတ်သက်ဆက်နွယ်နေသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Wa News Land မှာ ဖော်ပြထားပါတယ်။

သတင်းမှတ်တမ်းတွေအရ “ဝ” တပ် – UWSA ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၁၈ – ၂၀၁၉ ဝန်းကျင်လောက်ကလည်း အလားတူ ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ပိတ်သိမ်းတာ၊ ကိုးကွယ်ခွင့်တွေ တားမြစ်တာ၊ ခရစ်ယာန်ဓမ္မဆရာတွေ ဖမ်းဆီးထောင်ချတာ၊ အရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။

Chin World