တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် မျှော်လင့်ကြောင်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

By MPM 16 ဖေ‌ဖော်ဝါရီ, 2026 👁 1

အစိုးရသစ်ဖြစ်ပေါ်လာပြီးနောက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်မျှော်လင့်ကြောင်း ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ တရုတ်နှစ်သစ်ကူး ပွဲတော်သို့တက်ရောက်ပြီး မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများအား နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထိုသို့ပြောကြားသွားခဲ့သည်ဟု ရန်ကုန်ရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယ စစ်ခေါင်းဆောင်က စစ်တပ် နောက်ခံပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် များမကြာမီက ပြုလုပ်သော ရွေးကောက်ပွဲတွင် အနိုင်ရသွားပြီးနောက် အစိုးရသစ်ကို များမကြာမီ ဖွဲ့စည်းမည်ဖြစ်ရာ ထိုအစိုးရသစ်လက်ထက်တွင် တရုတ်နှင့်ဆက်ဆံရေးကို ပိုတိုးမြှင့်လိုကြောင်း ပြောကြားသွားခြင်းဖြစ်သည်။

ဒုတိယ စစ်ခေါင်းဆောင်က မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်သည်အလွန် နက်ရှိုင်းလှပါကြောင်း၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်ဟုပြောကြားသည်။

၎င်းပြင် ငလျင်ဘေး ကယ်ဆယ်ရေးအကူအညီများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အတွက် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်တစိုက်လိုက်နာကျင့်သုံးပြီး အစိုးရသစ် တည်ထောင်ပြီးနောက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်တစိုက်လိုက်နာကျင့်သုံးပြီး အစိုးရသစ် တည်ထောင်ပြီးနောက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးမှ သံတမန်များ၊ တရုတ်နွယ်ဖွားကိုယ်စားလှယ်များ၊ တရုတ်လုပ်ငန်းအဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ မိတ်ဆွေများ စုစုပေါင်းလူဦးရေ ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်ဟုသိရသည်။

သံအမတ်ကြီး Ms. Ma Jia မှ အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် အောင်မြင်မှုအဆင့်သစ်တစ်ခုသို့ တက်လှမ်းခဲ့ကြောင်းပြောကြားသည်။

တရုတ်သည် မြန်မာနိုင်ငံ ပြည်တွင်းရေးကို အဓိက ဝင်ရောက်စွက်ဖက်နေသည့် နိုင်ငံဖြစ်သည်သာမက စစ်အုပ်စုမှ မြန်မာပြည်သူများအား သတ်ဖြတ်ရန်အတွက် စစ်လက်နက်ပစ္စည်းများ အဓိက တင်ပို့ရောင်းချနေသောနိုင်ငံဖြစ်သဖြင့် မြန်မာပြည်သူများနှင့် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များ၏ ပြင်းထန်သော ဝေဖန်မှုကို ခံနေရသည်။

တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia သည်မြန်မာစစ်အစိုးရမှ မြန်မာပြည်သူများအား ဗုံးကြဲသတ်ဖြတ်နေမှုအပေါ် ပြစ်တင်ဝေဖန်မှုများ တစ်စုံတစ်ရာပြုလုပ်မှုမရှိသည်သာမက အကြမ်းဖက် မြန်မာစစ်တပ်အပေါ် အဓိက ပေါ်ပေါ်ထင်ထင် ထောက်ခံအားပေးလျှက်ရှိသော အင်အားကြီး နိုင်ငံတကာ သံတမန်များထဲမှ တစ်ဦးတည်းသော သံအမတ် အမျိုးသမီးဖြစ်သည်ဟု သိရသည်။

နိရဉ္စရာ