တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည့် ဒေသခံပြည်သူတချို့ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာကြပြီဟု ဒေသခံများထံမှ သိရသည်။
ကလေး-တမူး ကားလမ်းမပေါ်တွင် တည်ရှိသည့် ခါမ်းပါတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ခါမ်းပါတ်မြို့ခံများ အပါအ၀င် အနီးနားရှိ ကျေးရွာများမှ ဒေသခံကျေးရွာသားများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယခုအချိန်သည် စပါးစိုက်ပျိုးချိန် ဖြစ်သည့်အတွက် ဒေသခံပြည်သူများ တောင်ယာလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ဩဂုတ်လ ၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ နေအိမ်ပြန်နိုင်ပြီ အကြောင်းကြားခဲ့ခြင်းကြောင့် ဒေသခံတော်တော်များများက မိမိနေရပ်သို့ ပြန်သွားကြခြင်း ဖြစ်သည်ဟု စစ်ဘေးတိမ်းရှောင်ရာမှ ပြန်လည်ရောက်ရှိလာသူ ဒေသခံတစ်ဦးက အခုလိုပြောသည်။
“အဓိကတော့ ကျွန်တော်တို့မရှိတဲ့ အချိန်အတွင်း မြို့ထဲမှာ သူခိုးတွေပေါတယ်။ အိမ်ဖောက်တာ၊ ဆိုင်ခန်းတေွ ဖောက်ထွင်းတာတွေ များခဲ့တယ်။ အခုလောလောဆယ်မှာလဲ တိုက်ပွဲက ငြိမ်နေပြီ ပေါ့နော်။ ပြီးတော့ စပါးမစိုက်ရသေးတဲ့သူတွေလဲ များတယ်ဆိုတော့ စပါးစိုက်နိုင်ဖို့ အချိန်ပေးနိုင်ဖို့ ဒေသခံတွေက ကာကွယ်ရေးတပ်ဖွဲ့တေွစီမှာ တောင်းဆိုထားတာလဲရှိတယ်ပေါ့နော်။ ဒါကြောင့်လဲ ဒေသကာကွယ်ရေးဘက်ကနေ ဒေသခံတွေ အထူးသဖြင့် အမျိုးသားတွေပေါ့နော် အိမ်ပြန်လာဖို့ အကြောင်းကြားတော့ ကျွန်တော်တို့ဆို ကလေးတွေနဲ့ ဒီနေ့ပြန်လာရဲကြတာပေါ့။ အားလုံးတော့ ပြန်မလာကြသေးဘူး။ ဒါပေမယ့် အခုက အိမ်ပြန်လာတဲ့သူတွေ များပါတယ်” ဟု ၎င်းက ပြောသည်။
ခါမ်းပါတ်မြို့ခံများ စစ်ဘေးတိမ်းရှောင်နေစဉ်အတွင်း ခမ်းပါတ်မြို့ထဲတွင် သူခိုးများ ကျင်လည်ခဲ့ပြီး နေအိမ်ဖောက်ထွင်းခံရမှု၊ ဆိုင်ခန်းဖောက်ထွင်းခံရမှု များပြားခဲ့ပြီး ပျောက်ဆုံးသည့် ပမာဏကိုတော့ အတိအကျ မသိရသေးကြောင်း ဆိုင်ဖောက်ထွင်းခံရသူ မြို့ခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ပြန်လာတော့ အိမ်ဖောက်ခံရတာ တော်တော်များပါတယ်။ ကျွန်တော်ဆို ဖုန်းဆားဗစ် ပေးတဲ့ ဆိုင်ခန်း အဖောက်ခံရတယ်။ သူတို့ အသကုန်မွှေထားတာနေမှာ၊ တော်တော် ရှုပ်ပွတယ်။ ပျောက်တာကတော့ ကျန်ရောင်းဖို့ ထားထားတဲ့ဟာတွေ အကုန်ယူသွားကြတယ်။ ပြီးတော့ ကျွန်တော့် လက်ပ်တောပ့်တစ်လုံး ပျောက်တယ်။ တခြားကတော့ အကုန်မစစ်ရသေးဘူး” ဟု ၎င်းက ပြောသည်။
ခါမ်းပါတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ က စပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ ၂ ရက် ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာချိန်တွင် မြို့ထဲ၌ မည်သူမျှ မနေရဲကြတော့ဘဲ မြို့ခံအားလုံး တမူး၊ ကလေးမြို့နယ် တို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တချို့မှာ အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင်လည်း စစ်ဘေးတိမ်းရှောင် ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။
ယင်းကဲ့သို့ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြချိန်တွင် ခါမ်းပါတ်မြို့ အမှတ် ၁ ရပ်ကွက်ထဲက ဒေသခံပြည်သူများ၏ နေအိမ် ၁၅ လုံးခန့် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု မြို့ခံများထံက သိရသည်။
KMG ပေးပို့သည်။