စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲရှိ စစ်ဘေးရှောင် ဒေသခံများသည် မိုးတွင်းကာလ ကျရောက်လာချိန်တွင် ရာသီတုပ်ကွေးရောဂါ အစုံအလိုက်အပြုံအလိုက် ဖြစ်ပွားနေကြောင်း စစ်ရှောင်အရေး ကူညီနေသူများက သံလွင်တိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့်မေလ ဒုတိယအပတ်ကစပြီး ရာသီတုပ်ကွေး စတင်ဖြစ်ပွားရာမှ ယခုအခါတွင် ရောဂါဖြစ်ပွားနေသည့် စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်ထိ ရှိလာပြီး တချို့က မိသားစုအလိုက် ဖြစ်ပွားမှုများ ရှိနေကြောင်း ကူညီပေးသူများက ပြောသည်။
စစ်ဘေးရှောင် ပြည်သူများသည် ရာသီတုပ်ကွေးအပြင် ငှက်ဖျားနှင့် ဝမ်းရောဂါများကို ခံစားနေရပြီး ကူးစက်မှုများ ရှိနေသည့်အတွက် စောင့်ကြည့်ရသည့် အခြေအနေအထိ ဖြစ်လာကြောင်း ၎င်းတို့က ပြောဆိုသည်။
တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က စစ်ဘေးရှောင်များ ရာသီတုပ်ကွေးရောဂါ အစုလိုက်အပြုံအလိုက် ဖြစ်ပွားနေချိန်တွင် ဆေးဝါးမလုံလောက်မှု ပြဿနာများဖြင့် ရင်ဆိုင်နေရကြောင်း ပြောပြသည်။
စစ်ဘေးရှောင်များအတွက် လိုအပ်နေသည့် ဆေးဝါးများကို ပြည်သူများက နိုင်သလောက် ကူညီပေးကြရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအဖြင့် လူသားချင်းစာနာမှု အကူအညီများက ပံ့ပို့ပေးကြရန် ကူညီရေးအဖွဲ့က တိုက်တွန်းပြောဆိုသည်။
တနင်္သာမြို့နယ်ထဲရှိ စစ်ဘေးရှောင်ပြည်သူများသည် စစ်ကောင်စီတပ်က စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားမှုကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရသည်။
တနင်္သာရီမြို့နယ်တွင် စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုနဲ့ တိုက်ပွဲများကြောင့် ဒေသခံ ၈၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရှောင်အရေး ကူညီတွေထံမှ သိရပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်