တနင်္သာရီမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

By MPM 26 ဇန်နဝါရီ, 2023 👁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးမှာ ဇန်နဝါရီ ၂၃ ရက်နေ့ကနေစပြီး စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသ PDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ ဘန်းလမွတ်ကျေးရွာအနီးရှိ စစ်ကောင်စီ အမှတ် (၅၅၇) အမြောက်တပ်ကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က သွားရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲဟာ ဒီနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာလည်း ဘန်းလမွတ်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားပြီး တိုက်ပွဲတွေ ပိုမိုပြင်ထန်းလာခဲ့ပေမယ့် နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရပါဘူး။

လတ်တလောမှာ နှစ်ဖက်တိုက်ပွဲကြောင့် ဇဝဲဘက်ခြမ်းနဲ့တနင်္သာရီတံတားတွေမှာ ခရီးသွားကား ရာနဲ့ချီ ပိတ်မိနေသလို တချို့ခရီးသွားတွေကတော့ နောက်ကြောင်းပြန်လှည့်တာတွေ ရှိနေပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီတိုက်ပွဲတွေကြောင့် ဘန်းလမွတ်ကျေးရွာအပြင် အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမအပတ်တုန်းကလည်း တနင်္သာရီမြို့နယ်၊ ဇဝဲ၊ ဘန်းလမွတ်၊ ဗောဓိကမ်းနဲ့ ၆ မိုင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။