တနင်္သာရီတွင် စစ်ကောင်စီခြေမြန်တပ်ရင်းကတပ်သားတစ်ဦး PDF ထံ အလင်းဝင်

By MPM 20 မေ, 2025 👁

တနင်္သာရီတိုင်း၊ တနင်္သာရီမြိုနယ်ရှိ စစ်ကောင်စီ အမှတ် ၄၃၁ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းအတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တနင်္သာရီတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ (၃၅) နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ ထံကို ခမရ ၄၃၁ တပ်ရင်းမှ တပ်သားတစ်ဦးက ပြီးခဲ့သည့် မေ ၁၅ ရက်နေ့က ဆက်သွယ်အလင်းဝင်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ကောင်စီတပ်သားသည် MA-1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဆံ ၁၄၇ တောင့်၊ ကျည်ဘောက် ၃ ခုနှင့်အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားအား မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃ ၏ တပ်ရင်းမှူးအယ်ကြီးက ကြိုဆိုလက်ခဲ့ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားသလို လက်နက်နှင့်အတူ ဝင်ရောက်လာတာကြောင့် ချီးမြှင့်ငွေပေးအပ်ရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။

အလင်းဝင်လာသည့် တပ်သားသည့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မစစ်မှုထမ်း စေလွှတ်ခံရသူဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၈ တွင် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့ထံကို ဆက်သွယ်၍ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၁၄ ဦးရှိကြောင်း တနင်္သာရီတိုင်းစစ်ဌာနထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။