တနင်္သာရီတိုင်းအဝင် ရေဖြူမြို့နယ် မလွှဲတောင်ဂိတ်ကနေ မြိတ်မြို့အထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကြေးအဆမတန် တောင်းခံမှုတွေရှိနေကြောင်း ကားသမားများက သံလွင်တိုင်းမ်ကို ပြောပါသည်။
အဆိုပါ ပြည်ထောင်စု လမ်းမကြီးတလျှောက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဆေးရေးဂိတ် ၂၀ ထက်မနည်း ဖွင့်လှစ်ခဲ့ပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် ၂၀၂၃ ခုနှစ်အတွင်း လုံခြုံရေးအကြောင်းပြချက်နှင့် တိုးချဲ့ဖွင့်လှစ်ထားသေည စစ်ဆေးရေးဂိတ် ၃၀ နီးပါး ရှိလာခဲ့တာဖြစ်သည်။
လုံခြုံရေးအကြောင်းပြချက်နှင့် ဖွင့်လှစ်ထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ကုန်ပစ္စည်းပါရှိမှုအပေါ်မူတည်ပြီး ကားတစ်စီးလျှင် ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ တောင်းခံနေတာ ဖြစ်ပါသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့တောင်းသော ငွေမပေးပါက ကုန်ပစ္စည်းများကို အသေးစိတ်စစ်ဆေးခြင်း၊ ပစ္စည်းတွေဆွဲချထားခြင်း၊ ကားထွက်ခွင့်မပေးခြင်းတွေနှင့်အတူ စကားပြောအဆင်မပြေပါကလည်း ရိုက်နှက်မှုတွေလုပ်ဆောင်နေကြောင်း ကားသမားတစ်ဦးက ပြောကြားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့များက ငွေကြေးအဆမတန် တောင်းခံလာတာကြောင့် တွက်မခြေမကိုက်တော့သည့်အတွက် ကားသမားအချို့မှာ ပြေးဆွဲမှုရပ်နားတာတွေ ရှိနေကြောင်း သိရပါသည်။
တဖက်မှာတော့ လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်း၊ တိုက်ပွဲများကြောင့် သွားလာရမှှုခက်ခဲခြင်း၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းခံနေရတာကြောင့် ဒေသအတွင်းမှာလည်း ကုန်ပစ္စည်းဈေးနှုန်း ၃ ဆနီးပါး ဈေးနှုန်း မြင့်တက်လာကြောင်းလည်း သိရပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။