တိုက်ပွဲများ ပြင်းထန်နေသော တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၁၁၃ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု FE5 Tanintharyi ထံက သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ဒလန်ရှင်းလင်းမှုကြောင့် အသတ်ခံရမှု ပြန်ဖြစ်ပွားလာ သလို စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့များက ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုကြောင့် အရပ်သား သေဆုံးမှုများ ရှိနေသည်ဟု ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်က ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန်၌ ဒေသခံများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာ၊ စစ်ကြောင်းတလျှောက် ဖမ်းဆီးခေါ်ဆောင်တာ၊ ဖမ်းဆီးခံရချိန်၌ သေဆုံးမှု အပြင် ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုတွေ ရှိခဲ့သည်ဟု FE5 Tanintharyi က ပြောဆိုသည်။
တဖက်တွင်လည်း ဒေသခံများသည် ပြည်သူကာကွယ်ရေးအဖွဲ့များ၏ ဒလန်ရှင်းလင်းရေးကြောင့် သတ်ဖြတ်ခံရသူ ၃ ဦး ထဲ ၁ ဦးသည် မှားယွင်းစွာ သတ်ဖြတ်ခံခဲ့ရသည်ဟုဆိုသော ပြောဆိုချက်များ ထွက်ရှိနေသည်ကို တွေ့ရကြောင်း FE5 Tanintharyi က ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ် ပြင်းထိန်ရွာရှိ စစ်ကောင်စီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူဟု ဆိုသည့် ဦးကြည်လေးကို သွာရောက်ဖမ်းဆီးရာ၌ မတော်တဆ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားကို တွေ့ရသည်။
ယင်းဖြစ်စဉ်အပေါ် ကျေးရွာဒေသခံများနှင့် ဒေသတွင်းအင်အားစု ၁၃ ဖွဲ့က ဦးကြည်လေးသည် စစ်ကောင်စီ သတင်းပေး မဟုတ်သည့်အတွက်ကြောင့် အသတ်ခံရမှုအပေါ် တရားမျှတမှုရရှိရန် အမျိုးညီညွတ်ရေးအစိုးရ NUG ကို တိုင်ကြားထားကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့များ၏ သတ်ဖြတ်မှုများသာမက ဧပြီလအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှု၊ စစ်ကောင်စီတပ်ထောင်ထားသော မိုင်းနင်းမိမှုနှင့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရမှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ကျန် ၅ ဦးသည်လည်း လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရကြောင်း FE5 Tanintharyi က ဆိုသည်။
ဧပြီလအတွင်း တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကြောင့် ထားဝယ် ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တွင် အရပ်သားပြည်သူ ၉၄ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၇၆ ဦး ပြန်လွှတ်ခဲ့ကာ ၂ ဦး သေဆုံးခဲ့သည်။
ထို့အပြင် မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၁၀ ဦး ထက်မနည်းရှိခဲ့ပြီး အားလုံး ပြန်လည်လွတ်မြောက်ခဲ့ကြောင်းနှင့် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့၌ လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးခံရသူ ၉ ဦး ရှိခဲ့ ပြီး နောက်ဆက်တွဲ မသိရသေးကြောင်း FE5 Tanintharyi က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၆၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
သံလွင်တိုင်းမ် ပေးပို့သည်။