တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၂၃ ဦး သတ်ဖြတ်ခံရပြီး ၁၇၀ ကျော် ဖမ်းဆီးခံရ

By MPM 10 ဇူလိုင်, 2023 👁

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ဇွန်လ တစ်လတာအတွင်း အရပ်သားပြည်သူ ၂၃ သတ်ဖြတ်ခံရပြီး ဒေသခံ ၁၇၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူများထဲတွင် စစ်ကောင်စီဘက်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၁၀ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က ဒလန်ခေါင်းစဉ်နှင့် ရှင်းလင်းမှုကြောင့် ၆ ဦး၊ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသူ ၇ ဦး ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လအတွင်း အရပ်သားပြည်သူ ၁၇၀ ထက်မနည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၁၀၀ ကျော်ကို ပြန်လွှတ် ပေးခဲ့သော်လည်း ကျန်အရပ်သားပြည်သူများကိုတော့ ဆက်လက်ဖမ်းဆီး စစ်ဆေးနေပြီး ပြစ်ဒဏ်ကြီးပုဒ်မများတပ်၍ အမှုဖွင့်အရေးယူထားကြောင်း FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

အရပ်သားသေဆုံးမှု၌ ပုလောမြို့နယ်တွင် ၈ ဦး၊ ကော့သောင်း၊ လောင်းလုံးနှင့် သရက်ချောင်း မြို့နယ်တို့တွင် ၃ ဦးစီ၊ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင် ၂ ဦးစီနှင့် ကျန်မြို့နယ်တို့တွင် ၁ ဦးစီပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အရပ်သားသေဆုံးမှုတွင် ပြီးခဲ့သည့်မေလနှင့် နှိုင်းယှဉ်ပါက ၂ ဦး ပိုတိုးလာပြီး မေလတွင် အရပ်သား ၂၁ ဦး သတ်ဖြတ်ခံခဲ့ရသည်ကို တွေ့ရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်ဇွန်လအတွင်း နှစ်ဘက်တိုက်ပွဲပေါင်း ၄၁ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများစုသည် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်မှ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေကို သွားရောက် တိုက်ခိုက် ခဲ့ရာကနေ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်ဦးရေ ၃၅,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ယခုဇူလိုင်လဆန်းပိုင်း အတွင်းလည်း စစ်ကောင်စီဘက်က တပ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးခြင်း၊ ရိက္ခာပို့ဆောင်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်။