စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်နေ့ထိ အပစ်ရပ်ထားမည်ဟု ကြေညာခဲ့ပြီးနောက် တိုင်းရင်းသားဒေသများကို အဓိက ပစ်မှတ်ထားကာ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ပိုမိုပြုလုပ်လျက်ရှိကြောင်း တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။
“ဒီကောင်တွေက လေကြောင်းနဲ့ အကုန်ထိချင်ရာထိ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ ခွေးလိုစိတ်ဓာတ်မျိုးနဲ့ အကုန်ပတ်ကိုက်တာ။ အခုတိုင်းရင်းသားဒေသတွေကို ပစ်မှတ်ထားနေတာက ရှင်းပါတယ်။ မြေပြင်မှာ သူတို့ ဒီလက်နက်အင်အားများတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်မနိုင်တော့ လေယာဉ်နဲ့ ပတ်ရမ်းတာပေါ့” ဟု ဖလန်းမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီ အာဏာသိမ်းချိန်မှ စတင်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့အထိ လေကြောင်းအသုံးပြု ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါ၀င် သေဆုံးသူ ၄၆၀ ကျော်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အဓိက ပြုလုပ်လျက်ရှိနေကြောင်း သိရှိရသည်။
“အခုလို ဗုံးကြဲအခါမှာ အရပ်သားကျေးရွာတွေကိုပါ မရှောင်ကြဲချတာ။ အပြစ်မဲ့မိဘပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးကြရတယ်။ သူတို့ကို တော်လှန်နေတဲ့ ကျူပ်တို့လိုသူတွေကို ရှင်းချင်တယ်ဆို ထိပ်တိုက်လာတိုက်လေ။ အောက်မှာ မတိုက်နိုင်ဘဲ လေကနေ အာကျယ်နေတာကတော့ သူရဲဘော်ကြောင်လိုက်တာ” ဟု PDF တပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။
စစ်ကောင်စီမှ ဇန်နဝါရီ ၁၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားရွာနှင့် တိုက်ကုန်းကျေးရွာများသို့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒေသခံသေဆုံးမှုများ၊ နေအိမ်ထိခိုက်ပျက်စီးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် အိမ်မွေးတိရိစ္ဆာန်သေဆုံးများ ဖြစ်ပေါ်ခဲ့သည်။
“မအလတွေတော်တော်ဆိုးတယ်။ မနက်က ဆိပ်သာရွာနားမှာ တိုက်ပွဲဖြစ်တော့ သူတို့အထိနာတော့ အခုလို လာပစ်တာနေမှာပေါ့” ဟု မိုးတာရွာဒေသခံတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကာ CNF တပ်ဖွဲ့၀င် ၅ ဦး သေဆုံးခဲ့သည်။
ထိုအပြင် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း Camp Victoria စခန်းကို ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စခန်းအတွင်း ဆေးဝါးသိုလှောင်စခန်း၊ အဆောက်အဦးများ ထိခိုက်ပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
မြေပြင်သာမက လေကြောင်းဖြင့်ပါ ပစ်ခိုက်တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်နေသည့် စစ်ကောင်စီ အနေဖြင့် ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့က ကြေညာထားသည်။
ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။