ညောင်ဦးလေဆိပ်ရှိ ရဟတ်ယာဉ်နှင့် Gyrocopter များ ထားရှိရာနေရာကို တော်လှန်ရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်

By MPM 30 ဇူလိုင်, 2026 👁 62

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ညောင်ဦးလေဆိပ်အတွင်း တပ်စွဲထားသည့် စစ်အုပ်စု ရဟတ်ယာဉ်နှင့် Gyrocopter များ ရပ်နားထားသည့်နေရာသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ဇူလိုင် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၈ ရက် ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် BWM ၏ Mission 57 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ရှစ်လုံးပစ်ခတ်ရာ ငါးလုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

“Mi-35 ရပ်နားကွင်း၊ လေယာဉ်ရပ်ရာနေရာ၊ Gyrocopter နေရာ၊ ဆီကန် ပစ်ထားပါတယ်။ မေလကုန်ကစပြီး စကစ က သူတို့ရဲ့ ဗျူဟာ လိုအပ်ချက်အရ Mi-35၊ Gyrocopter တွေ ညောင်ဦးလေဆိပ်မှာ စပြီးထားတယ်ဗျ။ ညကတော့ counter ပြန်တာ(ပြန်လည်ပစ်ခတ်တာ) မရှိပါဘူး၊ သူတို့ ပစ်မယ်လို့ မထင်ထားလို့လည်း ပါမယ်ဗျ” ဟု BWM တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

စစ်အုပ်စုသည် မကွေးလေတပ်မှ Mi-35 ရဟတ်ယာဉ်နှင့် Gyrocopter များကို ညောင်ဦးလေဆိပ်သို့ ယခုနှစ် မေလကုန်ကစ၍ ပြောင်းရွှေ့ထားပြီး ပခုက္ကူ၊ မြိုင်၊ ပေါက် ဝန်းကျင်မှစ၍ ချင်းတောင် ကျောက်ထုဘက် ဒေသများအပြင် မြစ်ချေမြို့ ဝန်းကျင်အထိ နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် Y8 နှင့် Y12 လေယာဉ်များလည်း မကြာခဏ ညောင်ဦးလေဆိပ်တွင် လာရောက်အခြေပြုသည်ကို တွေ့ရကြောင်း BWM တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ Infinity (အညာ) အဖွဲ့တို့မှ ဦးဆောင်ကာ Justice Brothers Force၊ ဆားတောင်မိုးကြိုးအဖွဲ့၊ တောင်သာပလဖ အဖွဲ့နှင့် ညောင်ဦးခရိုင် ခရိုင်ရင်း (၅) တို့၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နေ့စဉ် ရဟတ်ယာဉ်နှင့် Gyrocopter များဖြင့် ဗုံးကြဲပစ်ခတ်နေမှုကြောင့် အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများ နေ့စဉ် အသက်ဆုံးရှုံးနေရသဖြင့် BWM နှင့် မဟာမိတ်အဖွဲ့များက ထိုသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမ