ဆိပ်ဖြူမှာ တိုက်ပွဲကြောင့် အရပ်သားပြည်သူ တစ်ထောင်ကျော် ထွက်ပြေးနေရ

By MPM 16 ဖေ‌ဖော်ဝါရီ, 2023 👁

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ပြည်သူတစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ညနေပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးနားကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေ ထွက်ပြေးနေရတာပါ။

ဆိပ်ဖြူနယ်ထဲက ဆိုင်ဖြူရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပြည်သူတွေဟာ နေအိမ်စွန့်ခွာထွက်ပြေးနေရသလို ထပ်မံထွက်ပြေးရနိုင်တဲ့အတွက် အထုပ်တွေပြင်ပြီး အဆင်သင့်လုပ်ထားရတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ကျားဘေ၊ဘဲကျ၊အနောက်ကမ်းဖြူ၊ ဆားလောက်နဲ့ သံပုရာပင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သူက ပြောပါသေးတယ်။

အဲဒီကျေးရွာတစ်ဝိုက်က ပြည်သူ တစ်ထောင်ကျော်ဟာ နီးစပ်ရာတောတွေနဲ့ ဆွေမျိုးတွေရှိရာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ (၁၅) ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီဟာ တောင်ရွာမကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဘုရားကုန်းပေါ် တပ်စွဲထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူပိုင်နေအိမ်အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှု (၅၇၈၀၇) လုံးထက်မနည်းရှိနေပြီး စစ်ဘေးဒုက္ခသည် နှစ်သန်းနီးပါးအထိ ရှိနေပြီဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် ဆိပ်ဖြူဒေသခံအများစုဟာ ပေါက်မြို့နယ် ရေကျော်ကျေးရွာဘက်ကို ဒီလ (၁၃) ရက်နေ့တည်းက ထွက်ပြေးနေရပြီး အခြေခံစားနပ်ရိက္ခာတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၂၉၈၉) ဦးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ နှစ်သောင်းနီးပါးအထိ ရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။