ဆန္ဒပြရာတွင် ဦးဆောင်သည်ဆိုကာ အင်းလေး အရပ်သား ၄ ဦး ဖမ်းခံရ

0
276

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဒေသခံ အရပ်သား ၄ ဦးကို စစ်ကောင်စီတပ်က ဆန္ဒပြရာတွင် ဦးဆောင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားသည်ဟု ဒေသခံများ က ပြောသည်။

အင်းလေး ဒေသခံအရပ်သား ၄ ဦးကို လူမှုကွန်ယက် (Facebook) စာမျက်နှာတွင် ယခင် ၂၀၂၀ ရွေးကောက်ပွဲကာလက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အတွက် မဲဆွယ်ပေးခဲ့သည့် ဓါတ်ပုံများပြပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

၎င်းတို့နှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီး တစ်ဦးက “အိမ်ပေါ်အထိ တက်လာပြီးတော့ မဲဆွယ်ကာလတုန်းက ဓါတ်ပုံတွေ ပြတယ်ပေါ့။ မေးစရာရှိတယ်ဆိုပြီး ခေါ် သွားတာ။ လင်မယား ၂ ယောက်စလုံးကို ခေါ်မလို့လုပ်တာ သူ့မိန်းမက ဗိုက်ကြီးနဲ့ဆိုတော့ သူ့မိန်းမကို မဖမ်းပဲ ထားခဲ့တာ” ဟု ပြောသည်။
အင်းလေး ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၉ ရက်နေ့၊ ည ၇ နာရီ အချိန်ခန့်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၄ ဦးအနက် တစ်ဦးမှာ အင်းပေါခုံကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ဦးဇင်လင်းစိုး ဆိုသူဖြစ်ပြီး ကျန် ၃ ဦးမှာ အင်းခြံကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် ပန်းထိမ် ဦးဘဦး၏ သားများ ဖြစ်ကြသည်ဟု အင်းလေးဒေသခံများက ပြောသည်။

၎င်းတို့ ၄ ဦးအား ဖမ်းဆီးရာတွင် စစ်ကောင်စီ လက်အောက်ခံ ရှမ်းပြည်နယ် အစိုးရအဖွဲ့က တိုင်းရင်းသားရေး ရာ ဝန်ကြီး ဦးအောင်ကြည်ဝင်း၏ ညာလက်ရုံးတပည့်ဖြစ်သူ ပျူစောထီးခေါင်းဆောင် ညီညီထွန်း (ခေါ်) ဖိုးသာထူး က ဦးဆောင်လမ်းပြခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

လက်ရှိတွင် ဖမ်းခံထားရတဲ့သူ ၄ ဦးကို နန်းပန်မြို့၊ နယ်မြေ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ငွေကြေးချမ်းသာသူများဖြစ်သောကြောင့် သိန်းတစ်ရာနှင့် ပြန်ရွေးခိုင်းမည်ဟု သတင်းများ ထွက်နေ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု နီးစပ်သူအမျိုးသမီးက ဆက်ပြောသည်။

“အင်းခြံမှာ အရင်တစ်ယောက် သူ့သားကို ဖမ်းတုန်းက သိန်းတစ်ရာ ပေးရတယ်လို့ ကြားတယ်။ အခု ၄ ယောက် ဖမ်းတာတော့ ဘာမှ မပြောသေးဘူး။ သူတို့ကတော့ တိုင်တဲ့လူရှိလို့ ဖမ်းတယ်လို့ ပြောကြတာပေါ့။ အဓိကတော့ ကြည့်ရတာ ပိုက်ဆံ အဆင်ပြေတယ်။ ပိုက်ဆံပေးနိုင်တဲ့ လူတွေပဲ ဖမ်းတယ်လို့ ယူဆတယ်။”

အကြမ်းမဖက် ဆန္ဒပြကာလများတွင် အင်းလေးဒေသခံ ၉၀ ရာခိုင်နှုန်းကျော်ခန့်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပါဝင်ဆန္ဒပြခဲ့ကြသော်လည်း စစ်တပ်က ငွေကြေးချမ်းသာသောသူများကိုသာ စွပ်စွဲဖမ်းဆီးနေသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် အင်းလေး ရေပေါ်သင်္ကြန် လုံခြုံရေးအတွက်ဟု အကြောင်းပြပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အစစ်အဆေး တင်းကြပ်နေခြင်းကြောင့် စိုးရိမ်နေရသည်ဟု အင်းခြံရွာခံတစ်ဦးက ပြောသည်။

“အခုဆို အင်းလေးမှာ ရေပေါ်သင်္ကြန်လုပ်မယ်ဆိုပြီးတော့ စစ်သားတွေနဲ့ အစောင့်အရှောက်တွေ အများကြီးရှိတယ်ပေါ့နော်။ သွားရလာရတာလည်း လုံခြုံမှု မရှိဘူးပေါ့။ ပျူစောထီးတွေလည်း သူတို့စိတ်ကြိုက် လုပ်နေတယ်လို့ ယူဆရတာပေါ့။ အင်းထဲမှာက ဘယ်သူမှလည်း သူတို့ကို တွန်းလှန်ရဲသူ မရှိဘူးလေ။ တစ်ခုခုဆို စစ်ဆေးရေးဂိတ်မှာ မိသွားမှာ၊ ဘာမဟုတ်တဲ့ အသေးဖွဲကိစ္စနဲ့ ပိုက်ဆံညှစ်မှာ စိုးရိမ်နေရတာပေါ့။ အဲဒီလိုမျိုးတွေ ကြုံနေရတော့ လုံလုံခြုံခြုံရှိဖို့ ကျမတို့မှာ လိုအပ်နေတယ်ပေါ့။”

အလားတူ ညောင်ရွှေမြို့တွင် နေထိုင်သည့် အသက် ၄၀ အရွယ် ကိုမျိုးဝင်းဆိုသူကိုလည်း စစ်ကောင်စီတပ်က ဧပြီလ ၅ ရက်နေ့တွင် PDF ခေါင်းဆောင်ဟု စွပ်စွဲဖမ်းဆီးခဲ့ပြီး ညောင်ရွှေမြို့ရဲစခန်းတွင် ချုပ်နှောင်ခဲ့ပြီးနောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ၏ စစ်ကြောရေးစခန်းသို့ ပို့လိုက်ကြသည်။

ထို့နောက် ကိုမျိုးဝင်း၏ ဇနီးဖြစ်သူနှင့် အစ်မဖြစ်သူတို့လည်း ဖမ်းဆီးခံထားရပြီး လက်ရှိတွင် ညောင်ရွှေမြို့ ရဲစခန်း၌ ချုပ်နှောင်ခံထားရသည်။

စစ်ကောင်စီတပ်က ဇန္နဝါရီလ ၁၂ ရက်နေ့ကလည်း အင်းလေးဒေသအတွင်း အရပ်သား ၁၂ ဦးကို PDF များဟု စွပ်စွဲဖမ်းဆီးခဲ့ရာ ၂၀၂၃ ခုနှစ် နှစ်ဆန်းမှ ဧပြီလ ၁၁ ရက်နေ့အထိ စွပ်စွဲ ဖမ်းဆီးခံရသူ အရပ်သား စုစုပေါင်း အယောက် ၂၀ ဦးခန့် ရှိနေပြီဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here