ဆဒုံး – ကန်ပိုက်တည်လမ်းက ၁၃ မိုင် စုပေါင်းဂိတ်နှင့် ဘွမ့်တောင်တပ်စခန်း ၂ ခု KIA သိမ်းပိုက်နိုင်ပြီ

By MPM 11 ဇွန်, 2024 👁

ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုက်တည်လမ်းမပေါ် ကျန်ရှိနေသေးသည့် စစ်ကောင်တပ်၏ ဗျူဟာမြောက် တပ်စခန်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များက တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်တွင် တပ်စခန်း ၂ နေရာကို သိမ်းပိုက် ထားနိုင်ပြီဟု သိရသည်။

KIA ပူးပေါင်းတပ်များက ဇွန်လ ၁၁ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ဝန်းကျင်လောက်က ဆဒုံး – ကန်ပိုက်တည် ကားလမ်းတကြောရှိ ဝါရှောင်ကျေးရွာအနီး ၁၃ မိုင် စုပေါင်းဂိတ်၊ ဘွမ့်တောင် (Bum Tawng) ပြည်သူ့စစ်စခန်း၊ ဒိန်ဂါတပ်စခန်းနှင့် ဆဒုံးဗျူဟာကုန်းနေရာများကို တပြိုင်နက် တိုက်ခိုက်နေကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“ဂေါ်ဆက်ယန် ချီဖွေသွားလမ်း ၁၃ မိုင် စုပေါင်းဂိတ်၊ ဆဒုံးဗျူဝမ့်ကောင့် (Wang Kawng) တပ်စခန်းကုန်း၊ ဘွမ့်တောင် ပြည်သူ့စစ်ခန်းပြီးရင် ဒိန်ဂါဗျူဟာတပ် အဲဒီတပ်စခန်း ၄ ခု ကို တိုက်ခိုက်နေတာဖြစ်တယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

အဆိုပါတပ်စခန်း ၄ နေရာကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ဝါရှောင်ကျေးရွာအနီး ၁၃ မိုင် စုပေါင်းဂိတ်နှင့် ဘွမ့်တောင်တပ်စခန်း ၂ နေရာကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီဟု သိရသည်။

ဆဒုံးဝမ့်ကောင့်ဗျူဟာကုန်းနှင့် ဒိန်ဂါတပ်စခန်းနေရာတို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်ဟု KIA နှင့် နီးစပ်သည့် ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက ပြောပါသည်။

“ဝါရှောင်အနီး ချီဖွေနဲ့ ဆဒုံးသွားလမ်းက စုပေါင်းဂိတ်နဲ့ အထက်မှာရှိတဲ့ ဘွမ့်တောင်တပ်စခန်း ၂ နေရာကို သိမ်းလိုက်ပြီလို့ သတင်းရတယ်။ ဆဒုံးဗျူဟာကတော့ အခုချိန်အထိ တိုက်နေတုန်းပဲ ရှိသေးတယ်။ ပြီးရင် ဒိန်ဂါယန်မှာလည်း တိုက်ပွဲတွေ ဖြစ်နေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့် ဆဒုံးဗျူဟာတပ်စခန်းမှာ ဆဒုံးမြို့၏ အရှေ့ဘက်ခြမ်းတောင်ကုန်းပေါ်၌ တပ်စွဲထားသော တပ်စခန်းဖြစ်ပြီး ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားသည့် ဗျူဟာတပ်စခန်းလည်း ဖြစ်သည်။ အဆိုပါ ဆဒုံးဗျူဟာတပ်စခန်းကို KIA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။

လက်ရှိ၌ KIA က သိမ်းပိုက်နိုင်ခဲ့သည့် ၁၃ မိုင် စုပေါင်းဂိတ်နေရာသည် ဝါရှောင်ကျေးရွာအကျော် ချီဖွေနှင့် ဆဒုံး ကားလမ်းမနှစ်ခွတွင် ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်တို့က ပူးပေါင်းပြီး နှစ်ရှည် အထိုင်ချထားသည့် စုပေါင်းဂိတ် တစ်ခုလည်း ဖြစ်သည်။

အဆိုပါ စုပေါင်းဂိတ်နေရာသည် ချီဖွေ၊ ဆဒုံး၊ ကန်ပိုက်တည်ကို သွားလာသည့် ခရီးသည်နှင့် ကားသမားများကို စစ်ဆေးရေး အလွန်တင်းကြပ်သော စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ထိုဂိတ်စခန်းကို KIA တပ်က လက်နက်ကြီးများဖြင့် မကြာခဏ သွားရောက်ပစ်ခတ်နေသည်။

ဘွမ့်တောင် ပြည်သူ့စစ်တပ်စခန်းသည် ၁၃ စုပေါင်းဂိတ် အထက်နားရှိ လုံခြုံရေးရှေ့တန်း တပ်စခန်းတစ်ခုဖြစ်ပြီး ထိုစခန်း၌ စစ်အင်အား အနည်းငယ်သာရှိပေမယ့် စုပေါင်းဂိတ် အပါဝင် ဆဒုံ-ကန်ပိုက်တည်လမ်းအတွက် စစ်ရေးအရ အလွန်အရေးပါသော တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

KIA ပူးပေါင်းတပ်များက ဝိုင်းမော်မြို့နယ်ထဲက ဆဒုံး – ကန်ပိုက်တည် သွားလမ်းပေါ် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီ တပ်စခန်းနေရာများကို ဇွန်လအတွင်း အပြီးသတ်သိမ်းပိုက်နိုင်ရန် တိုက်ပွဲပြန်လည် ဖော်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလထဲတွင် ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်း အနီးတဝိုက်နှင့် ဝိုင်းမော်မြို့ အနီးဆုံးနေရာက စစ်ကောင်စီ တပ်စခန်း ၁၀ ခု ကျော်ကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးလည်း ဖြစ်သည်။

လက်ရှိ၌ ဝိုင်းမော်မြို့နယ်ထဲတွင် ခလရ ၅၈ တပ်ရင်းနှင့် ဝူယာန်ပြည်သူ့စစ်တပ်စခန်း နှစ်ခုသာ ကျန်ရှိနေကြောင်း သိရသည်။

KNG ပေးပို့သည်။