ဆက်သွယ်ရေးဖုန်းလိုင်းအခက်ခဲကြောင့် လွိုင်ကော်အကျဉ်းသားများ လွတ်ငြိမ်းပါမပါ မသိရသေး

By MPM 28 ဧပြီ, 2024 👁

ကရင်နီပြည်ရှိ လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသားများ စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် ပါမပါကို ယနေ့အချိန်ထိ မသိရသေးဘူးဟု ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) က တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် အကျဉ်းကျနေသူ အကျဉ်းသား ၃,၃ဝ၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဧပြီ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် လွတ်ငြိမ်းခွင့် ပေးခဲ့သော်လည်း လွိုင်ကော်အကျဉ်းထောင်မှ အခြေအနေကို ယနေ့အချိန်ထိ မသိရသေးဟု ဆိုသည်။

ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက “ကျနော်တို့အခု ဘာသတင်းမှ မရသေးဘူး။ ကျနော်တို့ ထောင်နဲ့ဆက်သွယ်ဖို့ ကြိုးစားနေတယ်ပေါ့နော်။ ဆက်သွယ်ဖို့ ကြိုးစားတဲ့ အချိန်မှာ ဘာအခက်ခဲကြုံလဲဆိုတော့ ဖုန်းလိုင်းပြတ်တောက်မှုတွေနဲ့ ကြုံနေတယ်။ အဲ့သတင်းကို ကျနော်တို့ လိုက်လံစုံစမ်းနေတုန်းပဲ ရှိနေသေးတယ်ပေါ့” ဟု ပြောသည်။

လွိုင်ကော်အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့် မည်မျှရှိသည်ကို သိရှိနိုင်ရေး အကျဉ်းဦးစီးကို ဆက်သွယ် နေသော်လည်း ဖုန်းလိုင်းအခက်ခဲကြောင့် ဧပြီလကုန်အထိ မသိရသေးဘူးဟု ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက ပြောသည်။

ယခင်က လွိုင်ကော်အကျဉ်းဦးစီးဌာနနှင့် အဆက်သွယ်များရှိခဲ့ပြီး အကျဉ်းသားများအတွက် စားနပ်ရိက္ခာနှင့် ငွေအချို့ကို လွဲပေးနိုင်ခဲ့သော်လည်း မြန်မာနှစ်ဆန်း ၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ ဖုန်းလိုင်း ပြတ်တောက် သွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာနိုင်သည့် သူများထဲ၌ အခြား သော ပြစ်မှုများနှင့် ထောင်ဒဏ်ကျခံနေရသူများ ပါလာနိုင်သော်လည်း နိုင်ငံရေးအကျဉ်းသား အများစုကတော့ နှစ်ရှည်ပြစ်ဒဏ် ကျခံရသည့်သူများဖြစ်၍ လွတ်ငြိမ်းခွင့်ထဲပါရန် ရာခိုင်နှုန်းနည်းသည်ဟု ကိုထားဖိုးက ဆက်ပြောသည်။

“ထောင်ထဲမှာက လွတ်ငြိမ်းချမ်းသာခွင့် ပါလေ့ရှိတဲ့ ၅၀၅-က တို့၊ ၁၉-စ တို့က မရှိသလောက် ဖြစ်သွားတယ်။ ဆိုတော့ အဓိပ္ပာယ်က လွတ်ပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံတော် ခံစားပိုင်ခွင့်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား အတော်ရှား သွားပြီပေါ့နော်။ ဆိုတော့ ကျန်တဲ့ဟာက လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးလို့မရတဲ့ ပြစ်မှုကြီးထဲမှာ ပါရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေပဲ အများစုရှိနေတဲ့ အတွက်တော့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးသမား ပါလာဖို့က ရာခိုင်နှုန်း အရမ်းကိုနည်းတယ် ဒီတစ်ကြိမ်က။ ဒါပေမယ့် တခြားအမှုတွေတော့ လွတ်နိုင်ချေ ရှိတယ်ပေါ့နော်။”

ယခုနှစ် ဧပြီလ ၁ ရက်နေ့၌လည်း လွတ်ရက်စေ့အကျဉ်းသား ၃၈ ဦးကို လွိုင်ကော် အကျဥ်းထောင်ကနေ မည်သူ မည်ဝါကိုမှ ကြိုတင်အသိပေး အကြောင်းကြားထားခြင်းမျိုး မလုပ်ဘဲ ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု (KPPA) အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် လွိုင်ကော်အကျဉ်းထောင်ထဲ၌ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်နှင့် အခြားပြစ်မှုများဖြင့် အကျဉ်းကျနေသော အကျဉ်းသား ၄၀၀ ကျော်၊ စုစုပေါင်း အကျဉ်းသား အယောက် ၅၀၀ ကျော် ကျန်ရှိနေသေးပြီး အကျဉ်းထောင်ထဲ၌ ကျန်းမာရေး၊ စားဝတ်နေရေးတို့၌ ခက်ခဲမှုများနှင့် ရင်ဆိုင်နေရသည်ဟု (KPPA) က ဆိုသည်။

NMG ပေးပို့သည်။