စစ်အုပ်စု ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ရန်ကုန်နေအိမ် ချိန်ကိုက်ဗုံး ပါဆယ်ပေးပို့ခံရ

By MPM 31 ဇူလိုင်, 2026 👁 92

စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့ ပါဆယ် ချိန်ကိုက်ဗုံးပို့ခံရပြီးနောက် ကမာရွတ်မြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးမှုများ စစ်အုပ်စုတပ်က ပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၃၀ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုက ဒီစီကားလေးစီးဖြင့် လမ်းပိတ်ကာ ဗုံးကို ဖျက်ဆီး (အသက်မဲ့) နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထိုဖြစ်စဉ်ကို စစ်အုပ်စုတပ်ဘက်က လက်ရှိအချိန်အထိ တစုံတရာ သတင်းမထုတ်ပြန်ဘဲ သတင်းအမှောင်ချထားသည်။

“ပစ္စည်းပို့တဲ့ကုမ္ပဏီ ဟန်ဆောင်ပို့တာပါ။ Casualties (လူထိခိုက်မှု) မရှိအောင် အဘက်ဘက်က စဉ်းစားတွက်ချက်ပြီး စီစဉ်ကြတာပါ။ လမ်းသွားလမ်းလာကို စစ်ဆေးမှုမရှိဘဲ လမ်းကိုပဲ ပိတ်ထားခဲ့တာပါ။ ၄၅ မိနစ်လောက်နေတော့ သူတို့ ပြန်ထွက်သွားကြပါတယ်” ဟု ပါဆယ်ဗုံးပို့ခဲ့သည့်အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ယင်းနေ့ ညပိုင်းတွင် ဒီစီကားနှစ်စီးဖြင့် ရပ်ကွက်အတွင်း ကင်းပတ်လှည့်လည်ခဲ့ပြီး အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှုမရှိကြောင်း ၎င်းကဆိုသည်။

ပါဆယ်ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့သည့် တော်လှန်ရေးအဖွဲ့၏အမည်ကို လုံခြုံရေးအရ မဖော်ပြရန် သတင်းရင်းမြစ်က မဇ္ဈိမကို ပြောကြားထားသည်။

လေတပ်ချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး ဒေါ်တင်မိုးနွယ်တို့ပိုင်ဆိုင်သည့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သီရိမင်္ဂလာလမ်းရှိ နေအိမ်သို့ ဒေါ်တင်မိုးနွယ်အမည်ဖြင့် ပါဆယ်ဗုံးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးထွန်းအောင်သည် လက်ရှိ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးချုပ် (ကကလှမ်း) အနီးရှိ သီးသန့် စစ်ဘက်ဗဟိုဇုန် အဆင့်မြင့်အိမ်ရာတွင် နေထိုင်ကြောင်း သိရသည်။

၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၉) ဆင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် ရာထူးတိုးခန့်အပ်ခဲ့ရသူဖြစ်သည်။

ထို့ကြောင့် ၎င်း ကာကွယ်ရေးဦးစီးချုပ် (လေ) တာဝန်ယူစဉ်ကာလအတွင်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများအနက် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူအရေအတွက် အများဆုံးဖြစ်ခဲ့သည့် အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုကြီးများ၏ အဓိက တာဝန်ရှိသူလည်း ဖြစ်သည်။

အဆိုပါ အရပ်သားများသို့ ရည်ရွယ်တိုက်ခိုက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများမှာ – စစ်ကိုင်းတိုင်း၊ ပဇီကြီးရွာ၊ ကချင်ပြည်နယ်၊ ဖားကန့်၊ အနန့်ပါ ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံရှိ လွယ်ယိန်း ဒုက္ခသည်စခန်း၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းတိုက်ခိုက်မှုနှင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ မကွေးရွာ တိုက်ခိုက်မှုတို့ ဖြစ်သည်။

မဇ္ဈိမ