အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ပဋိပက္ခလျော့ချဖို့ အမှန်တကယ် လိုလားရင် စစ်အုပ်စုအပေါ် လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို တားဆီးဖို့ အရေးပေါ် အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့ ၂၀၀ ကျော်က တိုက်တွန်းတောင်းဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ တာဝန်ယူမှုတာဝန်ခံမှု ဖော်ဆောင်ရေးနဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်ဖို့ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၂၀၁ ဖွဲ့က အာဆီယံကို ဧပြီ ၂၈ ရက်နေ့မှာ အိတ်ဖွင့်စာ ပေးပို့ခဲ့တာပါ။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက လေယာဉ်နဲ့ တိုက်ခိုက်မှု ၇,၃၃၀ ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်မှု ၁,၃၀၅ ကြိမ်၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်မှု ၈၂၀ ကြိမ်၊ အပေါ့စားရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှု ၃၃၉ ကြိမ် အပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၉,၇၉၄ ကြိမ်အထိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း မှတ်တမ်းတင်ထားနိုင်တဲ့ သေဆုံးသူအရေတွက် ၄,၈၅၃ ဦးရှိပြီး စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာနေရာတွေနဲ့ မရေမတွက်နိုင်တဲ့ လူနေအိမ်တွေ အပါအဝင် အရပ်ဘက်အဆောက်အအုံ ၁,၂၀၀ ကျော် ပျက်စီးခဲ့ရတာပါ။
ဒါကြောင့် အာဆီယံအနေနဲ့ ပဋိပက္ခလျော့ချဖို့ အမှန်တကယ် လိုလားရင် လေကြောင်းတိုက်ခိုက်မှုမှာ အသုံးပြုတဲ့ လက်နက်နဲ့ လေယာဉ်ဆီထောက်ပံ့မှုကွင်းဆက်တွေကိုသာမက ဖြန့်ဝေပေးတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစီအမံတွေကိုပါ ကန့်သတ်ပိတ်မှုတွေ ပြုလုပ်ဖို့ ဖြစ်ပါတယ်။
စစ်အုပ်စုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်စွမ်းရှိအောင် အထောက်အကူပေးနေတဲ့ ဒေသတွင်း လက်နက်နဲ့ လေယာဉ်ဆီ တဆင့်ခံ သယ်ယူပို့ဆောင်ရာ နေရာတွေကို ဟန့်တားတာ ဒါမှမဟုတ် ပိတ်ပင်တာ လုပ်ဆောင်ဖို့ တိုက်တွန်းထားတာပါ။
ဒါ့အပြင် ဘယ်အာဆီယံအဖွဲ့ဝင်နိုင်ငံကနေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ အရင်းအမြစ်တွေကို ကြားခံသယ်ယူပေးသူ မဖြစ်စေရေးကိုလည်း အခိုင်အမာလုပ်ဆောင်ဖို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။
တစ်ဘက်မှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ ထိခိုက်နစ်နာတဲ့ ပြည်သူတွေထံ လူသားချင်းစာနာမှု အကူအညီ မဝင်ရောက်နိုင်အောင် ပိတ်ပင်မှုတွေကြောင့် လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားလာနေပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း အဲဒီအခြေအနေကို ထုတ်ဖော်သတိပေးထားတာပါ။
မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ ၃.၇ သန်းကျော်ရှိပြီး စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာဟာ ကပ်ဘေးအဆင့်အထိ ကြီးကြီးမားမား ဆက်ရှိနေတဲ့အတွက် အခုနှစ်မှာ ခန့်မှန်းခြေပြည်သူ ၁၂ သန်း ပေါ်အထိ သက်ရောက်မှုရှိနေပါတယ်။
ဒါကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ရေးမှာလည်း စစ်အုပ်စုနဲ့ သူတို့ရဲ့ စနစ်တွေကို ကျော်လွှားနိုင်တဲ့ အစီအစဉ်တွေ ချမှတ်ပေးရေးနဲ့ ဒီအပေါ် မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ CSOs နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ CBOs ထံ တိုက်ရိုက် အကူအညီပေးနိုင်အောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းတွေ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အများယုံကြည်ရတဲ့ CBOs ၊ CSOs ကွန်ရက်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အဲဒီကနေတဆင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးနိုင်အောင် စီစဉ်ပံ့ပိုးပေးဖို့ကိုလည်း တိုက်တွန်းထားတာပါ။
အာဆီယံအနေနဲ့ စစ်တပ်ဦးဆောင်တဲ့ ဟန်ပြအစိုးရ၊ လွှတ်တော်နဲ့ ထွက်ပေါ်လာတဲ့ ကိုယ်စားလှယ်တွေကို တရားဝင် ငြင်းပယ်ရမယ့်အပြင် စစ်အုပ်စု ကိုယ်စားလှယ်တွေကို ဘယ်အာဆီယံ အစည်းအဝေးကိုမှ တက်ရောက်ခွင့်မပြုပဲ ပိတ်ပင်ရမယ်လို့ အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါသေးတယ်။
စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေကို ကိုင်တွယ်နိုင်ရေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်နိုင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို အားပေးကူညီသင့်တယ်လို့ ဆိုပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး၊ အများပြည်သူယုံကြည်မှု တည်ဆောက်ရေးနဲ့ ရာဇဝတ်မှုတွေ ထပ်မံပေါ်ပေါက်ခြင်း မရှိစေဖို့ တားဆီးရေးအတွက် မရှိမဖြစ် လိုအပ်သလို အားလုံးပါဝင်တဲ့ တရားဝင် နိုင်ငံရေးဖြစ်စဉ်ကို အားပေးပံ့ပိုးဖို့လည်း ပါဝင်ပါတယ်။
အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ NUG ၊ SCEF ၊ EROs နဲ့ အရပ်ဘက်လူမှု အသိုင်းအဝိုင်း အပါအဝင် ဒီမိုကရက်တစ် အစုအဖွဲ့တွေကို အဓိကဗဟိုပြု လုပ်ဆောင်ဖို့ကိုလည်း အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က အိတ်ဖွင့်စာမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။
သံလွင်တိုင်းမ်