စစ်အုပ်စုထိန်းချုပ်ဆဲ စစ်တွေရှိ သက္ကေပြင်တိုက်နယ်ဆေးရုံကို ICRC ပြုပြင်ပေး

By MPM 13 ဩဂုတ်, 2026 👁 44



အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ သက္ကေပြင်တိုက်နယ်ဆေးရုံကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ပြုပြင်ပေးခဲ့သည်ဟု သိရသည်။



သက္ကေပြင်တိုက်နယ်ဆေးရုံဝင်းကို ပြုပြင်ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန် စစ်တွေတွင်ရှိသည့် ICRC အဖွဲ့က ဆေးရုံပရဝဏ်တစ်လျှောက် ခြံစည်းရိုးကာရံခြင်းနှင့် ပင်မဝင်ပေါက် တံခါးပြုပြင်ခြင်းတို့ကို ထောက်ပံ့ကူညီခဲ့သည်ဟု ICRC က ယနေ့ သြဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

“ခြံစည်းရိုးရော၊ ဝင်းတံခါးရော ပြင်ဆင်ပြီးပြီဆိုတော့ တိရစ္ဆာန်တွေ၊ ထော်လာဂျီတွေ ဆေးရုံဝင်းထဲ မဝင်နိုင်အောင် တားဆီးပြီးသားဖြစ်သွားတဲ့အတွက် ဆူညံသံတွေကို လျှော့ချနိုင်တဲ့အပြင် ပိုပြီး သန့်ရှင်းတဲ့ ပတ်ဝန်ကျင်ဖြစ်အောင် ထိန်းသိမ်းဖို့ လွယ်ကူသွားပါတယ်” ဟု သက္ကေပြင်တိုက်နယ်ဆေးရုံ၏ ကျန်းမာရေးအရာရှိ ဒေါက်တာရဲလင်းကျော်၏ ပြောဆိုချက်ကို ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

သန့်ရှင်းပြီး ကျန်းမာသည့် ပတ်ဝန်းကျင်မှ ကျန်းမာရေးလုပ်သားများသည် လူနာများအတွက် ပိုမိုဘေးကင်းသည့် စောင့်ရှောက်မှုများပေးနိုင်ရန် အထောက်အကူတစ်ခုဖြစ်စေသည်ဟုလည်း ICRC က ဆိုထားသည်။

ရခိုင်ပြည်တွင် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာ ပေးဆောင်နိုင်ရန်နှင့် လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်နိုင်ရန် အထောက်အကူဖြစ်စေရေး ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို ဆက်လက်ထောက်ပံ့လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက္ကေပြင်တိုက်နယ်ဆေးရုံတည်ရှိသည့် စစ်တွေမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှု လက်ရှိအခြေအနေ၌ ရပ်တန့်နေသည်ဟု သိရသည်။

သို့သော် အကြမ်းဖက်စစ်တပ်အထိုင်ချထားသည့် တပ်စခန်းများ၊ ကာကင်းစခန်းများ၊ ရွှေမင်းဂံ ရေတပ်စခန်းနှင့် ဒေသဆိုင်ရာကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) စသည့် စစ်တပ်တပ်ရင်းများမှ AA ရှိနေသည့်နေရာများသို့ ကင်းထောက်ဒရုန်းများဖြင့်ကင်းထောက်ကာ အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် တစ်ဘက်သတ်ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

နိရဉ္စရာ