စစ်သင်္ဘောကနေ တောင်ကုတ်မြို့နယ်ကို လက်နက်ကြီးဖြင့် လှမ်းပစ်နေ

By MPM 22 ဧပြီ, 2026 👁 1

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် တောင်ကုတ်မြို့နယ် ကလိန်တောင်ကျွန်းနှင့် ဖောင်းခါးကျွန်းတို့ကို စစ်ကောင်စီ စစ်သင်္ဘောများကနေ လက်နက်ကြီးများဖြင့် လှမ်းပစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရမ်းဗြဲမြို့နယ် စကုကျွန်းနှင့် တောင်ကုတ်ကြားတွင် ရှိနေသည့် စစ်ကောင်စီ နေဗီများကနေ ယမန်နေ့ (ဧပြီ ၂၁ ရက်) နှင့် ယနေ့ (ဧပြီ ၂၂ ရက်) နံနက်ပိုင်းအထိ လက်နက်ကြီးများဖြင့် လှမ်းပစ်နေခြင်းဖြစ်သည်။

ယင်းကြောင့် ဒေသခံများမှာ တောင်ကုတ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အခုက ကလိန်တောင်ကျွန်းနဲ့ ဖောင်းခါးကျွန်းက ဒေသခံတွေ တောင်ကုတ်ဘက်ကို ထွက်ပြေးနေရတယ်။ ရမ်းဗြဲနဲ့ တောင်ကုတ်ကြား ပင်လယ်ထဲမှာ ရှိနေတဲ့ နေဗီကနေ လက်နက်ကြီးနဲ့ မနေ့ကတည်းက လှမ်းပစ်တာ။ ဒီနေ့ မနက်ကလည်း လှမ်းပစ်နေတယ်။ ဒါကြောင့် ဒီကျွန်းဘက်က ရွာသားတွေထွက်ပြေးလာကြပြီ” ဟု တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ကလိန်တောင်ကျွန်းနှင့် ဖောင်းခါးကျွန်းမှ တောင်ကုတ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူဦးရေ ၁၀၀ နီးပါးအထိ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ နေဗီရှိရာ စကုကျွန်းသည် ရမ်းဗြဲဘက်အခြမ်းတွင် ရှိနေပြီး လက်ရှိတွင် အဆိုပါကျွန်းမှ ဒေသခံများမှာ ထွက်ပြေးရန် အခက်အခဲများကြုံနေရကြောင်းလည်း သိရသည်။

ယင်းအပြင် စစ်သင်္ဘောကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ယခင်က တောင်ကုတ်ကနေ ရမ်းဗြဲ စကုကျွန်းသို့ ကုန်သွယ်နေကြသည့် ကုန်သည်များမှာလည်း လက်ရှိတွင် ရပ်နားထားရကြောင်း သိရသည်။

ရခိုင်ပြည် စစ်ရေးစောင့်ကြည့်နေသူ အမျိုးသားတစ်ဦးက “စစ်ကောင်စီဟာ ရေတပ်ကို အားပြုပြီး ရခိုင်ပြည်ထဲက နေရာတချို့ကို ရမလားလို့ ကြိုးပမ်းနေတာ မြင်ရတယ်။ ကုန်းလမ်းက မရတော့ ရေကြောင်းကနေ ဒေသခံတွေကို ခြိမ်းခြောက်ပြီး ဒုက္ခပေးနေတဲ့ သဘောမြင်ရတယ်” ဟု သုံးသပ်သည်။

စစ်ကောင်စီတပ်၏ နေဗီများသည် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်ကလည်း ရမ်းဗြဲကမ်းရိုးတန်း၊ ကျောက်နီမော် ကျေးရွာအနီးတွင် ရပ်နား၍ ငါးဖမ်းသမားများနှင့် ရေကြောင်းခရီးသည်များကို ဒုက္ခပေးနေသည်။

နိုင်ငံတစ်ဝန်း စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ယခုနှစ်ဆန်းပိုင်းမှ စ၍ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမှ တဆင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်သို့ စစ်သင်္ဘာအစီး ၃၀ ထက်မနည်း စေလွှတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း ကုန်းတွင်း နယ်မြေအားလုံးကို ဆုံးရှုံးထားရသည့်အတွက် ရေတပ်အင်အားဖြည့်တင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ပြုလုပ်ကာ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။

DMG