စစ်မှုထမ်း အပတ်စဉ် ၂ သင်တန်းအတွက် အဓမ္မခေါ်ဆောင်ခံရသူ ထောင်ဂဏန်းရှိနိုင်

By MPM 11 ဇွန်, 2024 👁

မြန်မာနိုင်ငံတစ်ဝှမ်း၌ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း ဒုတိယအသုတ်အဖြစ် အပတ်စဉ် ၂ အတွင်း အဓမ္မခေါ်ဆောင်ခံရသူ ၁,၀၀၀ ကျော် ရှိနိုင်သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS) တာဝန်ရှိ သူများက ပြောဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း ဒုတိယအသုတ်အဖြစ် မေလအတွင်း လူဦးရေ ၄,၀၀၀ ကျော်ကို ခေါ်ယူခဲ့ပြီး ၎င်းတို့အနက် အဓမ္မ စုဆောင်းခံရသူများလည်း ပါဝင်သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ၏ လေ့လာချက်တွင် ဖော်ပြသည်။

BACS ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “သူတို့အခုထိတော့ ပမာဏ တော်တော်များများထိ ကောက်ယူနိုင် တာ တွေ့ရတယ်ပေါ့နော်။ ဒုတိယသုတ်မှာ ၄၀၀၀ ဆိုတာလည်း တော်တော်များတဲ့ ပမာဏလို့ ပြောရမယ်။ ဒါ ပေမဲ့ ပမာဏထဲမှာ အစီရင်ခံစာထဲမှာ ဖော်ပြထားသလို ဒုတိယအသုတ်မှာဆိုရင် သူတို့အတင်းအဓမ္မ ဖမ်းဆီး ခေါ် ဆောင်တာတွေက အများအပြား ဖြစ်လာတာကို တွေ့ရတာပေါ့နော်။ စုစုပေါင်း လူဦးရေဝန်းကျင် ၁၀၀၀ လောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး မီဒီယာ သတင်းအချက်အလက်တွေကနေ တွေ့ရ တယ်ပေါ့နော်” ဟု ပြောသည်။

နှစ်သစ်ကူး သင်္ကြန်ကာလအပြီး စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂ အတွက် ခေါ်ယူရာတွင် လေ့ကျင့်ရေး သင်တန်းကျောင်းများကို တိုက်ရိုက် ပို့ဆောင်ခြင်း မရှိဘဲ စစ်ကောင်စီ၏ သတင်းလျှို့ဝှက်ချက်အရ နီးစပ်ရာ တပ်ရင်းစခန်းများကို အရင်ဆုံး ပို့ဆောင်ပြီးမှသာ ထိုမှတဆင့် သင်တန်းကျောင်းများသို့ ပြန်လည်ပို့ဆောင် ခဲ့သည်ဟု သိရသည်။

စစ်မှုထမ်း ခေါ်ဆောင်ခံရသူများကို စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ) နှင့် တပ်မတော်တန်းမြင့် သင်တန်း ကျောင်း (တတက) တို့ကို ပို့ဆောင်လေ့ရှိပြီး အခြားသင်တန်းကျောင်းများအနေဖြင့် အမှတ် – ၁ အရာခံ အကြပ်ကြီး သင်တန်းကျောင်း (ရကသ ဗထူး) နှင့် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (တကန ဟိုပုံး) တို့တွင် စစ်ပညာများကို သင်ကြားပေးနေခြင်း ဖြစ်သည်။

အပတ်စဥ် – ၁ စစ်မှုထမ်း သင်တန်း ခေါ်ယူရာတွင် စစ်ကောင်စီ၏ နယ်မြေထိန်းချုပ်မှု အားကောင်းသည့် ဒေသများတွင်သာ ဖြစ်သော်လည်း အပတ်စဥ် – ၂ သင်တန်းတွင် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု အားကောင်းသည့် ဒေသများလည်း ပါဝင်လာသောကြောင့် အဓမ္မ စုဆောင်းခံရသူများလည်း ရှိသည်ဟု BACS ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။

“သူတို့အခေါ်ကတော့ ပြည်သူ့စစ်ပေါ့နော်၊ ဒီဘက်က ပြောမယ်ဆိုရင် ပျူစောထီးတွေပေါ့၊ ဒီပျူစောထီးတွေ လည်း ပထမအသုတ် ခေါ်ကတည်းက ပြည်သူ့စစ်တွေလည်း စစ်မှုထမ်းအနေနဲ့ ပါဝင်သွားကြတာလည်း ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ အတင်းအဓမ္မ စုဆောင်းမှုတွေကတော့ မီဒီယာ ဖော်ပြချက်အရ ၁၀၀၀ ဝန်းကျင်ရှိပြီးတော့ ဒီထက်လည်း မီဒီယာမှာ မပါတဲ့ဟာတွေ မီဒီယာပေါ် ရောက်မလာတဲ့ ဖြစ်စဥ်တွေလည်း အများအပြား ရှိနိုင်တယ်ပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက ဖွင့်လှစ်သည့် သင်တန်းကျောင်းသည် ရှမ်းပြည်နယ်အတွင်း ၅ ကျောင်းအထိရှိပြီး ပြည်နယ်နှင့်တိုင်းများအနက် အများဆုံးဖြစ်သည်ဟု BACS ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

သို့သော် အဆိုပါ သင်တန်းကျောင်း ၅ ကျောင်းလုံးတွင် ရှမ်းပြည်နယ်အတွင်း နေထိုင်သူများကိုသာ ပို့ဆောင်ထားခြင်းမျိုး မဟုတ်ဘဲ မီဒီယာများခန့်မှန်း၍ မရနိုင်အောင် ပြည်နယ်နှင့်တိုင်း အသီးသီးမှ စစ်မှုထမ်းခေါ်ယူထားသူများအား ပို့ဆောင်ထားခြင်းဖြစ်သည်ဟု သိရသည်။

မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်မှုထမ်းခေါ်ယူရေးအဖွဲ့ ဗဟိုအဆင့် အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက လျာထားချက်များ မပြည့်မီသည့်အတွက် အပတ်စဥ် ၃ တွင် ကြိုတင် ပြင်ဆင် ထားရန် လက်အောက်ငယ်သားများအား သတိပေးထားသည်ဟု စစ်ကောင်စီက ထုတ်လွှင့်သည့် မီဒီယာများတွင် ဖော်ပြထားသည်။

BACS ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီအနေနဲ့က ဒုတိယအသုတ် ခေါ်ရာမှာတော့ ပထမ အသုတ်လို လွယ်လွယ်ကူကူ စုဆောင်းနိုင်တာမျိုး မရှိတော့ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်လာတာမျိုးကို တွေ့ရတယ်။ ဒီအခြေအနေကို သူတို့ကိုယ်တိုင် ဝန်ခံထားတယ်ပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီက ဖွင့်လှစ်သည့် သင်တန်းကျောင်းများမှာ မန္တလေးတိုင်း၌ ၃ ကျောင်းဖြင့် ဒုတိယအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင် ၂ ကျောင်းစီနှင့် နေပြည်တော်၊ မကွေးနှင့် တနင်္သာရီတိုင်းတို့တွင် ၁ ကျောင်းစီ ဖွင့်လှစ်ထားသည်။

နိုင်ငံတဝှမ်း စစ်မှုထမ်းအတွက် ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းများမှာ ၂၁ ခုအထိရှိပြီး သင်တန်းကျောင်းများ ထပ်မံတိုးချဲ့ ၍ လစဥ် စစ်မှုထမ်း ခေါ်ယူသွားမည်ဖြစ်သောကြောင့် လူငယ်များအနေဖြင့် ကြိုတင်တိမ်းရှောင်ကြရန် BACS တာဝန်ရှိသူများက သတိပေးထားသည်။

NMG ပေးပို့သည်။