စစ်မှုထမ်းသစ်များအနေဖြင့် တပ်တွင်းအရာရှိများကို ဖမ်းဆီးနိုင်ပါက ဆုကြေးပေးမည်ဟု သရက်ခရိုင် ပကဖ ထုတ်ပြန်

By MPM 27 ဩဂုတ်, 2026 👁 29

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်နှင့် ရခိုင်ရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်မှ အရာရှိများကို ထိန်းသိမ်းနိုင်ပါက ကျပ်သိန်း ၁,၀၀၀ အထိ ချီးမြှင့်မည်ဖြစ်ကြောင်း သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မင်းတုန်းမြို့မှ အနောက်ဘက် ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးရန် စေလွှတ်ခံရသည့် စစ်မှုထမ်းတပ်သားသစ်များအနေဖြင့် တပ်တွင်း ဖိနှိပ်မှုမှ လွတ်မြောက်ပြီး ဘက်ပြောင်းခိုလှုံလာနိုင်ရေး ယမန်နေ့ (ဩဂုတ်လ ၂၆ ရက်) တွင် သရက်ခရိုင် ပကဖက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အခုလို ချီးမြှင့်မယ်ဆိုတာ သရက်ခရိုင် ပကဖ အနေနဲ့ ထုတ်ပြန်တာပါ၊ ရဲရဲသာထွက်လာကြပါ၊ ဘေးကင်းလုံခြုံဖို့ အပြည့်အဝ အာမခံပါတယ်” ဟု သရက်ခရိုင် ပကဖ တာဝန်ခံ ကိုဗဟိန်းက မဇ္ဈိမကို ပြောသည်။

ပကဖ ၏ ထုတ်ပြန်ချက်အရ ရာထူးအလိုက် ချီးမြှင့်မည့် ဆုကြေးငွေမှာ သိန်း ၁၀၀ မှ သိန်း ၁,၀၀၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။

လူငယ်များအနေဖြင့် စစ်တပ်ကို လျှော့မတွက်ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်နှင့် မတော်တဆ ပါလာပါက လွတ်မြောက်ရာသို့ အမြန်ဆုံး ထွက်လာကြရန် ကိုဗဟိန်းက တိုက်တွန်းထားသည်။

ယခင်စစ်ကြောင်းများအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူများလည်း ရှိနေပြီး ဘေးကင်းလုံခြုံနေကာ လက်နက်နှင့်အတူ ခိုလှုံလာသူများကို ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ငှက်ဖျားရောဂါ ထူပြောပြီး ရာသီဥတုဆိုးရွားသည့် ရခိုင်ရိုးမပေါ်ရှိ အာရက္ခတပ်တော် (AA) ရှိရာသို့ စစ်ကြောင်းထိုးရန် အမိန့်ပေးခြင်းသည် တပ်သားသစ်များ၏ အသက်အန္တရာယ်ကို ထိခိုက်စေကြောင်း ၎င်းက ဆိုသည်။

ထွက်ပြေးလာသူများအနေဖြင့် မင်းတုန်းမြို့နယ်အတွင်းရှိ ထန်းပင်ကုန်းနှင့် ဖြူကန်ရွာများတွင် စစ်အုပ်စုတပ်က တပ်စွဲထားသဖြင့် ယင်းရွာများကို ရှောင်ရှားရန် သတိပေးထားသည်။

ဇွန်လဆန်းမှစ၍ စစ်မှုထမ်းသင်တန်းဆင်းအသစ်များနှင့် အင်အား ၁,၀၀၀ ကျော်သည် မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်းမှ ရခိုင်ရိုးမကို တက်၍ စစ်ကြောင်းထိုးခဲ့သော်လည်း ထိခိုက်မှုများစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ပြီး အင်အား ၇၀၀ ခန့်ဖြင့် ပြောင်းရွာ၊ ထန်းပင်ကုန်းရွာနှင့် ဖြူကန်ရွာများတွင် တပ်စွဲထားကြောင်း သိရသည်။

လွန်ခဲ့သည့် ၁၀ ရက်ဝန်းကျင်တွင် အင်အား ၃,၀၀၀ နီးပါးရှိ တပ်မ (၅၅) တခုလုံး သရက်မြို့သို့ ရောက်ရှိကာ ယင်းမှတဆင့် မင်းတုန်းမြို့အနောက်ဘက် ပြောင်းရွာဘက်မှ ရခိုင်ရိုးမသို့ အင်အား ၂,၀၀၀ ခန့် တက်သွားခဲ့သည်။

မင်းတုန်းမြို့ တောင်ဘက်သို့ အင်အား ၃၀၀၊ မြောက်ဘက် ကျောက်တိုက်ဘက်သို့ အင်အား ၃၀၀ ထွက်ခွာခဲ့ပြီး ယင်းမှ အင်အား ၂၀၀ ခန့်သည် ပုသိမ်-မုံရွာလမ်းပိုင်းရှိ မင်းလှမြို့နယ်အတွင်း ရှမ်းတပ်ဘက်သို့ ထွက်ခွာကာ လက်ရှိ မင်းတုန်းမြို့တွင် အင်အား ၁,၀၀၀ ခန့်ရှိကြောင်း စစ်ကြောင်းအခြေအနေကို ကိုဗဟိန်းက ရှင်းပြသည်။

စစ်အုပ်စုတပ်က တပ်များခွဲ၍ စစ်ကြောင်းထိုးလာမှုကြောင့် မင်းတုန်းမြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းမှ ပြည်သူများနှင့် ရခိုင်ရိုးမ တောင်ခြေရှိ ကျေးရွာများမှ ဒေသခံများ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြောင်း သိရသည်။

မင်းတုန်းဘက်မှ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ရှိသည့်တပ်နှင့် မင်းလှမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်သား ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်ဖွဲ့ (USBA) က ထုတ်ပြန်ထားသည်။

ထိခိုက်မှုများသဖြင့် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ကူပေးခဲ့ပြီး ဩဂုတ်လ ၂၃ ရက်တွင် ကျောက်တိုင်အထိုင်စခန်းသို့ ဆုတ်ခွာသွားသည့် စစ်အုပ်စုတပ်ထံမှ ဖောကားတစီး၊ မီးစက်တလုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေသဖြင့် သက်ဆိုင်ရာဒေသရှိ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သည်များကို ပြင်ဆင်ထားကြရန် USBA က အသိပေးထားသည်။

မဇ္ဈိမ